ဧပြီ-၁၇၊ ၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဧပြီ ၁၇ ရက် ညနေ ၃နာရီကစပြီး လေပြင်း တိုက်ခိုက်ခဲ့တာကြောင့် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်းက ချောင်းဝ၊ မြို့ကိုင်နဲ့ ကွပ်သစ်ကျေးရွာက နေအိမ်တွေ ပျက်စီးခဲ့တာလို့ သိရပါတယ်။

“လေကတော့ တောက်လျှောက်တိုက်တာ ။ ဘယ်လောက်ထိတိုက်လဲဆိုတော့ ၃ နာရီလောက်ကတိုက်တာ ၅ နာရီ ၁၅ မိနစ်လျှောက်မှ ရပ်သွားတယ်။ ရွာသုံးရွာပေါင်းရင် သုံးရာနီးပါးတော့ရှိမယ် ပျက်စီးသွားတာ “လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကရင်လေးက ပြောပါတယ်။

Public Service Announcement
လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်တွေပျက်စီးသွားတဲ့အပြင် လူထိခိုက်မှုတချို့လည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တင်္နသာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်(ကရင်နီပြည်နယ်)၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နနဲ့ ရှမ်း ပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့ အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုး ပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကရင်လေး


















































