Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်သတင်း ဒီနေ့အထိ ဘာမှ မသိရသေးဘူးလို့ NLD ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်​ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ဓါတ်ပုံ-Mick Tsikas/AAP/PA Images

ဧပြီ-၁၈၊ ၂၀၂၆။ People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ထားရှိမယ်လို့ ဧပြီ ၁၇ရက်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် မနေ့က​ရော ၊ ဒီနေ့မှာပါ လူထုခေါင်းဆောင်ကို ဘယ်မှာ ထားရှိတယ်၊ ဘယ်လိုအခြေအနေလဲဆိုတာဘာအချက်အလက်မှမသိရဘူးလို့အထက်ပါပုဂ္ဂိုလ်က People’sSpring ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဘာမှ သတင်းအချက်အလက်မရဘူးဗျ။ အဓိက လူတိုင်းက အားကိုးနေကြတာကတော့ ထောင်ဝင်စာသွားတွေ့ တဲ့ ရှေ့နေ အဖွဲ့ကိုပဲ အားကိုးနေကြတာ။ အဲဒီမှာ စာအုပ်ကလေးတွေ မှာတယ်။ ဆေးဝါးတွေမှာတယ်။ ဒါအရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် လက်ရေးနဲ့မှာတာလေ။အခုက ပုံနှိပ်ထားတဲ့ စာလုံးတွေနဲ့ပဲ မှာတော့တယ်ဆိုတဲ့အခါကြတော့ သူကိုယ်တိုင် ဟုတ်၊မဟုတ် မသေချာဘူးလေ။ပို့တဲ့အခါကြတော့လည်း ကြားထဲက ထောင်အရာရှိကို ပေးပြီး ပို့ရတာဆိုတော့ အမှန်တကယ် ဘယ်မှာ ရှိတယ်။ဘယ်လိုအခြေအနေ ဖြစ်တယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိရဘူး။ တဆင့်ခံတွေချည်းပဲ အကုန်လုံးက”လို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးက ​ပြော ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် NLD သဘာပတိ ဦးဝင်းထိန်လွတ်မြောက်လာတယ်လို့ ဧပြီ ၁၇ ရက်မှာသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီနေ့အထိ အတည်မပြုနိုင်သေးဘူးလို့ လည်းသူကပြောပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ရွေးကောက်ခံ အရပ်သားအစိုးရ ရဲ့ သမ္မတ ဦးဝင်းမြင့်ကို မနေ့က ပြန်လွှတ်ပေးခဲ့ပြီး နေပြည်တော်မှာ မိသားစုနဲ့အတူ ရှိနေတယ်လို့ အသိပေးပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သတင်းမျိုးစုံထွက်နေပေမယ့် တရားဝင်သတင်း ဘာမှ မသိရသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က မနေ့က လူထုနွေဦးကို ပြောထားပါတယ်။

အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး ၂၀၂၅ ဒီဇင်ဘာ ၁၆ ရက်က နောက်ဆုံးထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ သက်သေတစုံတရာမပါဘဲ စစ်တပ် ထုတ်ပြန်မှုက ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းချိန်မှာ သမ္မတ ဦးဝင်းမြင့် အပါအဝင် အရပ်သားအစိုးရ အဖွဲ့ဝင် အများအပြားနဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် အဂတိမှု၊ ဆူပူလှုံ့ဆော်မှု၊ ရွေးကောက်ပွဲ မသမာမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ချိုးဖောက်မှုစတဲ့ စစ်တပ်ရဲ့ တစ်ဖက်သတ် စွဲချက်တွေနဲ့ ကြုံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချထားပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ခြောက်နှစ်လျော့ပေးတဲ့အတွက် ၂၇ နှစ်ကျန်ရှိနေတာပါ။

ဒါပေမဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကတော့ အဲဒီ ပြစ်ဒဏ်ချမှတ်မှုတွေဟာ မမှန်ကန်ဘဲ စစ်တပ်က နိုင်ငံရေးအရ စွပ်စွဲလုပ်ကြံခြင်း သက်သက်သာ ဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းချခံထားရတဲ့ ကာလအတွင်း မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် မရခဲ့သလို သူ့ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ ဆိုတာကိုတောင်စစ်တပ်ကလျှို့ဝှက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။