ဧပြီ-၂၁၊၂၀၂၆။သတိုး/People’s Spring
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာတဲ့အထောက်အထားပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို စတင်လိုက်ပြီလို့ All in One Piece Movement က ကြေညာလိုက်ပါတယ်။
“အမေ့အတွက် သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်သည့် အမေကျန်းကျန်းမာမာ နှင့်ရှိနေသေးသည်ကို သက်သေနှင့်ပြပေးဖို့အတွက်တောင်းဆိုသည့် လှုပ်ရှားမှု့လေးဖြစ်သည့် Proof of life လှုပ်ရှားမှု့လေးစတင်ပြီဖြစ်ပါတယ်။ကင်မ်နှင့်အမေ့ရဲ့သားသမီးများ အတူတူ ပါဝင်လှုပ်ရှားပေးဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။” ဒီနေ့ (ဧပြီ၂၁) နံနက်မှာ ကြေညာထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။

Public Service Announcement
“သားတဦးအနေနဲ့ ရိုးရှင်းတဲ့အရာတခုကိုပဲ တောင်းဆိုပါတယ်။ မေမေ အသက်ရှင်နေသေးတယ်ဆိုရင်သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြပါ”လို့ ကမ်င်က ပြီးခဲ့တဲ့ရက်ပိုင်းက တောင်းဆိုထားပါတယ်။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်းတောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခုစစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှုတွေမှာပါဝင်ပေးဖို့ All in One Piece Movement က ထုတ်ပြန်ထားပါတယ်။
ဧပြီ၁၇ရက် နှစ်ဆန်းတစ်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း သတင်းမမှန်ပဲ လက်ရှိအချိန်အထိတော့ ဘယ်သူမှ အတည်ပြုနိုင်တာမရှိသလို စစ်တပ်က သတင်းအမှောင်ချထားပါတယ်။
All in One Piece Movement က ကင်မ်အဲရစ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကမ်ပိန်းအပါအဝင် ကမ်ပိန်းများစွာကိုပြုလုပ်ခဲ့တဲ့ပေ့ခ်ျဖြစ်ပါတယ်။
ဒီနေ့ မနက်မှာတော့ တော်လှန်အနုပညာရှင် ခါရာက သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ Proof of Life ကမ်ပိန်းမှာပါဝင်ကြောင်း ဗီဒီယိုဖိုင်ရိုက်တင်ထားပြီး ပြည်သူတွေအားလုံးကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
“အမြဲစိုးရိမ်နေတဲ့ UN ကို ကျွန်တော်တို့မကြိုက်ပါဘူး။ အလုပ်မဖြစ်လို့။ ဒါကြောင့် ကျွန်တော်တို့စိုးရိမ်နေမဲ့အစားကျွန်တော်တို့ အားလုံး လုပ်ရမဲ့အရာတစ်ခုရှိပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာနိုင်ငံသူ /သားတွေအားလုံးကို အမေစုရဲ့ “Proof of Life” ကို ပြည်သူလူထုအာဏာနဲ့ အားနဲ့ တောင်းဆိုရမဲ့အချိန်ဖြစ်ပါတယ်။ ” လို့ ခါရာကပြောထားပါတယ်။
“အမေစု အသက်ရှင်နေကြောင်း သက်သေပြပါ”စာသားနဲ့ Video ဖြစ်စေ ၊ စာနဲ့ဖြစ်စေ ရေးသားတင်ပေးဖို့နဲ့ ကမ်ပိန်းနဲ့ သက်ဆိုင်တဲ့ Hashtags စာသားတွေကိုထည့်ပေးဖို့ ခါရာက တောင်းဆိုထားပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာတဲ့အထောက်အထားပြဖို့တောင်းဆိုတဲ့ Proof Of Life…
Posted by People's Spring on Monday 20 April 2026
ရုပ်သံ- Khar Ra


















































