Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ Maiပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ ဧပြီအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CAfT

ဧပြီ-၂၂၊၂၀၂၆။မိထက်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ Maiပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၅)မှာ ဖွင့်ထားတဲ့ Maiပုဂ္ဂလိကဆေးရုံကို မနေ့က ဧပြီ ၂၁ရက်‌ညနေမှာ စစ်ကောင်စီတပ်က ဝင်စီးပြီး ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

” ရဲစခန်းထဲထည့်ထားတယ်။ ကျမတို့ရဲ့ ဆရာဝန်တွေ၊ဆရာမတွေအတွက် စိုးရိမ်စရာအခြေအနေဟုတ်တယ်”လို့ ဒေသခံတစ်ဦးက ဒီ‌နေ့ ဧပြီ ၂၂ရက်မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

Maiဆေးခန်းဟာ ဒေသခံတွေအားကိုးရတဲ့ ဆေးခန်းဖြစ်ပြီး စစ်ကောင်စီက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၀ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Maiပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေဟာ အပြစ်မရှိလို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒေသခံတွေက ‌တောင်းဆိုနေပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ SNA (ရှမ်းနီတပ်)တွေ ပါဝင်ပါတယ်။ ၎င်းတို့ဟာ မြေပြင်မှာ စစ်ကြောင်းထိုးပြီး လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ အမိန့်နဲ့ စစ်ကောင်စီတပ်က လွှတ်လိုက်တာမို့ အရပ်သားတွေ ဖမ်းဆီးတာ၊ လုယက်သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” အရပ်သားတွေရော၊ လူမှုရေးလုပ်တဲ့သူတွေရော ဖမ်းထားတယ်။ သူတို့လက်ထဲမှာဘယ်နှစ်ယောက်ရှိလဲဆိုတာမသိတော့ဘူး။ ဒေသခံတွေလည်း ပတ်ရှောင်နေကြရတယ်”လို့ ဖားကန့်မြို့ခံတစ်ဦးကပြောပါတယ်။

ဖားကန့်ဒေသမှာ ဧပြီ၂ရက်ကစပြီးတိုက်ပွဲတကျော့ပြန်ဖြစ်ပွားပြီး ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေက အကာအကွယ်ယူ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေလို့ လုံခြုံရေးအထူးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မေတာ်(KIA)နဲ့ KPDF က သတိပေးထားပါတယ်။ စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ