ဧပြီ ၂၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး မြို့ပေါ်မှာ သီဟိုဋ္ဌ်ရှင်ဘုရားပွဲကို ဇာတ် နှစ်ဇာတ်နဲ့ ရက်နှစ်ပတ်ကျော်ကြာ ပွဲလမ်းသဘင်ပြုလုပ်ဖို့ စီစဥ်နေပါတယ်။
ကိုဗစ်ကာလကစပြီး ရပ်နားခဲ့တဲ့ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားပွဲကို မနှစ်က ၂၀၂၅စပြီး ပြန်လည်ကျင်းပခဲ့ပေမဲ့ ဇာတ်ပွဲထည့်သွင်းခြင်း မရှိခဲ့ပါဘူး။
ဒီနှစ်မှာတော့ သီဟိုဠ်ရှင်ဘုရားပွဲကို ဇာတ်ပွဲတွေ ပြန်ထည့်ပြီး လာမယ့် မေလ ၂၃ ရက်ကနေ ဇွန်လ ၇ ရက်နေ့အထိ ၁၆ ရက်ကြာ ကျင်းပဖို့ စီစဥ်နေကြောင်း၊ ဖျော်ဖြေရေးအနေနဲ့ သီဟိုဠ်ရှင်ကဇာတ်ရုံမှာ မေလ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ စမ်းရေမိုးဇာတ်အဖွဲ့နဲ့ ဇွန်လ ၃ ရက်ကနေ ၇ ရက်အထိ ကောင်းစစ်ဟိန်းဇာတ်အဖွဲ့တို့ ဖျော်ဖြေမယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ ဧပြီ ၁၂ ရက်ကပဲ ပခုက္ကူမြို့နယ်က အိမ်ခြေရာချီရှိတဲ့ မြောက်လူးကန်ရွာကို မီးရှို့လို့ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ပါသေးတယ်။
“ပခုက္ကူကရွာတွေကို ပြာပုံထားပြီး မြို့ပေါ်နိုင်ငံရေး စိတ်ဝင်စားမှုနည်းအောင် ပျော်ပွဲရွှင်တွေလုပ်ပေးနေတာ”လို့ ပခုက္ကူမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့နယ်မှာလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေသောင်းကျန်းနေပြီး ပွဲတော်ကာလမှာလည်း ပေါ်တာဆွဲနိုင်တာကြောင့် လူငယ်တွေ သတိပြုသွားလာကြဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။
စစ်ကောင်စီဟာ ပခုက္ကူတင်မကဘဲ ဒေသအသီးသီးမှာ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလကစတင်ကာ ဇာတ်သဘင်ဖျော်ဖြေပွဲတွေ ပြန်လည်ပြုလုပ်စေခဲ့တာပါ။ ပြီးခဲ့တဲ့လက ပဲခူးမှာလည်း စစ်တပ်က ရွာတွေကို စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်ခဲ့ပြီး မြို့ပေါ်မှာတော့ ဇာတ်သဘင်အဖွဲ့ ၅ ဖွဲ့နဲ့ ဖျော်ဖြေပွဲတွေ ပြုလုပ်စေခဲ့ပါတယ်။


















































