မေ-၁၊၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ကလေးတစ်ဦးအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၄ရက်မှာ လယ်ဒိုမြို့နယ် လယ်မူသောကျေးရွာကို တိုက်လေယာဉ်နဲ့ ၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကို KNUက ဧပြီ ၃၀ရက်မှာ သတင်းထုတ်ပြန်ထားတာပါ။
အဲဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၅နှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ (၃)နှစ်အရွယ်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ်တွေ ပျက်စီးတဲ့အပြင် လယ်မူသောရွာဆေးခန်းရဲ့ လူနာဆောင်တွေပါ ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီဟာ KNU နယ်မြေအပါအဝင် တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသကို လေကြောင်းတိုက်ခိုက်ရာမှာ အရပ်သား ပြည်သူနေအိမ်တွေအပြင် ကျန်းမာရေး၊ပညာရေးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာတွေ၊ လုပ်ကိုင် စားသောက်ရာလုပ်ငန်းခွင်တွေကို ဒရုန်း၊လက်နက်ကြီး၊ လေယာဉ်အမျိုးမျိုးနဲ့ နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက်ရှိလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့လည်း KNUက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့အခုလို ရာဇဝတ်မှုကျူးလွန်တာတွေကို ကန့်ကွက်ရှုတ်ချရုံသာမက ထိရောက်စွာ လက်တွေ့ကျကျ အရေးယူဖို့လည်း KNUက နိုင်ငံတကာနဲ့အာဆီယံကို မကြာခဏ တိုက်တွန်းနှိုးဆော်ထားပါတယ်။





















































