မေ-၁၇၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာဒီနေ့၊နေ့လယ်ပိုင်းကလုံးခင်းကျေးရွာအုပ်စုရှိနေအိမ်ပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအတွင်း အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာမေလ ၁၇ရက်မနက် ၁၁ နာရီခန့်က စတင်ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကနေနေ့လယ်၁၂နာရီကျော်မှာလုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)အတွင်း ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးကျတဲ့အိမ်က အမျိုးသမီးတွေ နေကြတာ။တည့်တည့်ကျတာပဲ။ဒရုန်းနဲ့ဗုံးကြဲတာလို့ သတင်းထွက်လာသေးတယ်။ဒါပေမယ့် လက်နက်ကြီးကျတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
သေဆုံးသူအမျိုးသမီးတွေကို ဒေသခံတွေနဲ့ လူမှုရေးအဖွဲ့တွေက သယ်ဆောင်သွားပြီး ဒဏ်ရာရသူ ၂ဦးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်တပ်က ပစ်ခတ်နေလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၆ရက်က လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သား ၂ဦး ဒဏ်ရာရခဲ့ပါတယ်။မေလ၇ရက်မှာလည်း လုံးခင်းကျေးရွာအုပ်စုအတွင်း မိုင်းပေါက်ကွဲပြီး ကလေးငယ် ၁ဦး သေဆုံးခဲ့ပါတယ်။
မေလ ၈ရက်မှာလည်း လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုနဲ့လုံးခင်းဂေါက်ကွင်းလမ်း၊ကုဋေလမ်းဆုံအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
ဒီနေ့ နေ့လယ်ပိုင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက်ပိုင်း ညနေပိုင်းမှာ ကျယ်လောင်တဲ့ပေါက်ကွဲသံ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်ကို စစ်တပ်စစ်ကြောင်းတွေထပ်မံဝင်ရောက်လာလို့ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးပိုပြီးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။


















































