မေ ၁၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဂျင်ဝိုင်း၊ ကြက်ဝိုင်းစတဲ့ လောင်းကစားဝိုင်းတွေ ပေါများနေပြီး ခိုးဆိုးလုယက်မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဂျင်ဝိုင်းတွေ ပေါလာတော့ လုယက်မှု၊ ခိုးမှု လူသတ်၊ ပစ္စည်း လုတာတွေ များလာတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
မြောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာထက်မနည်းမှာ ဂျင်ဝိုင်းတွေ ဖွင့်လှစ်ဆော့ကစားနေကြပြီး ကြက်ဝိုင်းတွေအပါအဝင် လောင်းကစားဝိုင်း စုစုပေါင်း ၁၀ ဝိုင်းထက်မက ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ သက်ဆိုင်ရာ ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေက အရေးယူတာမျိုးတွေ မရှိသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
“နီးစပ်ရာ အဖွဲ့အစည်းတွေ ပိုက်ဆံပေးလုပ်တာတွေလဲရှိတယ်။ သူတို့ရောပါတာတွေရှိတယ်။ ဒါတွေကို ဖမ်းရမှာ။တာဝန်ရှိ လူကြီးများ ဖမ်းဆီးအရေးယူပေးဖို့ ပြောချင်ပါတယ်။ ယောက်ျားဖြစ်သူက ဂျင်ဝိုင်းသွားလို့ ပျက်စီးသွားတဲ့ မိသားစု အများကြီးရှိပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာတွေမှာ စလော့ဂိမ်းလောင်းကစားတွေပါ ပျံ့နှံ့လာပြီး လူငယ်တွေနဲ့ အိမ်ထောင်ဦးစီးတွေပါ လောင်းကစားစွဲကာ မိသားစုဘဝတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ လောင်းကစားဝိုင်းတွေကို တားဆီးနှိမ်နင်းဖို့ တာဝန်ရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အနေနဲ့ ယနေ့ထက်ထိ တစ်စုံတစ်ရာ ဖမ်းဆီးအရေးယူခြင်း မရှိတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။


















































