မေ ၂၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။
မေလ ၁၉ ရက် မနက်ပိုင်းကစပြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းမှာ စစ်တပ်က စလင်း – ကံပြားလမ်းပိုင်းနဲ့ မြေနီကုန်းကျေးရွာမှာ အထိုင်ချပြီး တပ်ရင်း စိုးမိုးနေရာတွေကို ၀င်ရောက် စစ်ကြောင်းထိုးလာခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းက အသိပေးပါတယ်။
ဒီကနေ့အထိ စစ်ကြောင်းမှာ ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးဘဲ ချောင်းတောင်ဘက်ကျေးရွာတွေ ၊ စလင်း – ကံပြား လမ်းဘေး ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနိုင်တာ၊ ပြည်သူတွေ တိုက်ပွဲကြား ညပ်မှာ စိုးတာကြောင့် စစ်ကြောင်းပြန်လည်မဆုတ်ခွာခင်အထိ ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြဖို့ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းက ဒီကနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Public Service Announcement
“အဓိကကတော့ စလင်းချောင်းရဲ့တောင်ဘက်က ကျေးရွာတွေပါ။ မြေနီကုန်းရဲ့အနောက်နဲ့ မြောက်ဘက်က ကျေးရွာတချို့တွေ ရှောင်တိမ်းနေရပါတယ်။ ဆယ်ရွာခန့်ရှိပြီး ပြည်သူနှစ်ထောင်သုံးထောင်ခန့် ရှောင်တိမ်းနေရပါတယ်။”လို့ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပခုက္ကူခရိုင်အတွင်းက ပေါက်၊ မြိုင်နဲ့ မြစ်ခြေဘက်တွေမှာလည်းစစ်ကြောင်းတွေ ၃ကြောင်းထပ်မနည်း ရှိနေပြီး စစ်ဘေးရှောင် ပြည်သူ ၁သိန်းခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ အခက်အခဲအပြင် အပူဒဏ်ကိုပါ ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာဆိုရင် ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ရွာ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။

















































