Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေလို့ ကျေးရွာတွေမှာကျန်နေတဲ့ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေ သတိပေး

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

မေ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

အင်းတော်မြို့နယ်ကို စစ်တပ်စစ်ကြောင်းတွေ ဝင်လာတဲ့ ဧပြီလလယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြိုတင်သတိပေးလို့ တိမ်းရှောင်သူတွေ ရှိပေမယ့် လက်ရှိအချိန်အထိ ကျန်နေသေးသူတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

” ရွာတွေကနေ လူတွေအချိန်မီ ထွက်ပေးဖို့လိုတယ်။ တိုက်ပွဲကြားအရပ်သားအချို့သေတာတွေရှိနေတယ်။ အဲဒါရွာထဲနေလို့ဖြစ်တာ။ ဘေးကင်းချိန်ကျမှ ပြန်ဝင်သင့်တယ်”လို့ အထက်ပါ ရဲဘော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို ဧပြီလကုန်နဲ့ မော်လူးမြို့ကို မေလ ၅ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာပါ။

မြို့အတွင်း စစ်ကြောင်းတွေဝင်လာချိန်မှာ အရပ်သားတွေ ဖမ်းဆီးလာပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့လို့ လူထုအထိနာမှာစိုးလို့ ဆုတ်ခွာပေးခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေနဲ့ဝေးတဲ့နေရာတွေမှာ ပြောက်ကျားစစ်နဲ့ တန်ပြန်တိုက်ခိုက်တာတွေရှိနေဦးမယ်လို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

လက်ရှိမှာ အင်းတော်မြို့နယ်က နတ်မဟုတ်လေး၊ နတ်မဟုတ်ကြီးနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး ကျေးရွာတွေထဲမှာ ဒေသခံတွေ ရှိနေသေးလို့ အမြန်ရှောင်တိမ်းဖို့လိုတယ်လို့ တော်လှန်ရေးရဲဘော်တွေက သတိပေးပါတယ်။

နတ်မဟုတ်လေးနဲ့ နတ်မဟုတ်ကြီးကျေးရွာဟာ မန္တလေး – မြစ်ကြီးနားလမ်းပေါ်မှာ ရှိပြီး သက္ကယ်ကျင်းရွာကတော့ အင်းတော်-ဗန်းမောက်ကားလမ်းပေါ်မှာ ရှိပါတယ်။

အဲ့ဒီနေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေပြီး မော်လူးမြို့နယ်၊ မန်ဟဲနဲ့ပဲခူးရွာကို မေလ၂၁ရက် ညနေပိုင်းမှာ Y12လေယာဉ်နဲ့ဗုံးကြဲလို့ ဒေသခံအမျိုးသား ၂ဦးသေဆုံးပြီး အမျိုးသမီး ၁ဦးဒဏ်ရာရခဲ့ပါတယ်။

မော်လူးမြို့ဟာ အင်း‌တော်မြို့နယ်မှာပါဝင်ပါတယ်။

မေလ မေလ ၂၀ရက်ညကလည်း အင်းတော်မြို့အနီးက စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးသွားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေ မထုတ်ပြန်သေးပေမယ့် စစ်တပ်က သေဆုံးမှုအထိနာများနေပြီး အသာစီးရထားတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

နတ်မဟုတ်လေးရွာအနီးမှာ မေလ ၁၇ရက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး ရုပ်အလောင်းနဲ့လက်နက်တွေကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

မနေ့ကတိုက်ပွဲမှာလည်း စစ်‌တပ် ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်လို့ အရပ်သားထိခိုက် သေဆုံးမှုတွေလည်းရှိနေပေမယ့် ဖုန်းလိုင်းဆက်သွယ်ရေးအခက်ခဲကြောင့် အသေးစိတ်မသိရသေးပါဘူး။

အင်း‌တော်မြို့နယ်အပြင် မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်းရှိနေတဲ့ တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်နေပါတယ်။

အဲ့ဒီ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး အဓမ္မစစ်မှုထမ်းခိုင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို အကာအကွယ်ပြုပြီး စစ်မျက်နှာဖွင့်နေပေမယ့် ကာကွယ်ရေးတပ်တွေက တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်အင်အား အဆမတန် ပြုန်းတီးနေတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ခမရ (၅၈၅)စစ်​ကြောင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများ၊စစ်သား ၆ဦးအလင်းဝင်

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook