ဇွန်-၆၊၂၀၂၆။ဖိုးသား/People’s Spring
ပျူစောထီးရွာနဲ့ စစ်တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့ မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ ပြည်သူတွေထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့(ဇွန်လ ၆ ရက်)မနက် ၉ နာရီခွဲခန့်က ပေါက်မြို့နယ်တောင်ပိုင်း၊ တဲတော်ယာကျေးရွာကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“ပေါက်တောင်ပိုင်း၊ တဲတော်ယာရွာကိုဖိုက်တာ ၂စီးနဲ့လေကြောင်း၅ကြိမ်ပြုလုပ်သွားတာဗျ။နာရေးရက်လည်ဆွမ်းသွပ်ရှိတာ။တိုက်ပွဲဖြစ်တာမျိုးလဲမရှိဘူး။အကြောင်းမဲ့လာကျဲသွားတာ”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

Public Service Announcement
တဲတော်ယာကျေးရွာအနီးမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတွေဖြစ်တဲ့ ကိုင်းလယ်နဲ့ တပ်ကုန်းကျေးရွာ ရှိတယ်လို့ သိရပါတယ်။
” ၂ယောက်ထိထားတယ်လို့ အကြမ်းဖျင်းသိရသေးတယ်။အဲဒီဘက်က ဖုန်းလိုင်းက သိပ်မရတော့ အသေးစိတ်ကို သေချာစုံစမ်းနေတုန်း”လို့ ပေါက်တောင်ပိုင်းက တော်လှန်ရေးအဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
အခုဇွန်လဆန်းပိုင်းကစပြီး ပေါက်မြို့နယ်အရှေ့ခြမ်းက စစ်တပ်အခြေစိုက်ထားတဲ့ ရေပြာရွာနဲ့ ကုက္ကိုလ်စုကျေးရွာတွေကို ဒေသခံတေယ်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။
အဲဒီစခန်းနဲ့ ရွာသိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း ၇၀ကျော်နဲ့ လက်နက်ရာနဲ့ချီသိမ်းဆည်းရရှိထားတယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ကနဦး ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ဒေသတွင်းစစ်ရေးအခြေအနေအရ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
ပေါက်တောင်ပိုင်း၊ တဲတော်ယာရွာကို ဖိုက်တာ၂စီးနဲ့ ဗုံးကြဲအပြီး တွေ့ရစဉ်။ ရုပ်သံ – နတ်ဆိုး နဂါး


















































