ဇွန် ၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကျောင်းကပြန်လာတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
မနေ့က ဇွန်လ ၅ ရက် ညနေ ၃ နာရီခွဲခန့်က မလှိုင်မြို့နယ်မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသားကျောင်းသူ ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရ မူလတန်းကျောင်းသားတွေအနက် ဒဏ်ရာပြင်းတဲ့ ကလေး ၃ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅ ဦးအထိ ရှိလာကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“အရင်သေဆုံးတာက လင်မယားနှစ်ဦးပါ။ ထပ်ဆင့်သိရသတင်းအရ သေဆုံးသူဦးရေ ကျောင်းသား/သူ သေဆုံးသူ ၃ဦး ထပ်တိုး နှင့် ဆေးရုံတွင်ဆေးကုသခံယူနေသူ ကျောင်းသား ၁၅ ဦးဟုသိရပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ဟာ သရက်ကောင်းပင်ကျေးရွာထဲကို ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်း ၃ လုံးပေါက်ကွဲကာ လူနေအိမ် ၆ လုံးခန့် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှူကြောင့် ကျန်ကျောင်းသားကလေးငယ်တွေ ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မလှိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းအားလုံးဟာ စစ်တပ်လက်အောက်ခံ NON CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ နှောင့်ယှက်ခြင်းမရှိဘဲ ကျောင်းပညာကိုသာလွတ်လပ်စွာ ဦးစားပေးသင်ကြားကြဖို့ ဆရာ၊ဆရာမတွေကို မှာကြားထားတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
အာဏာသိမ်းကာလအတွင်း မလှိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာ ၅ ရွာကို ၅ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
(သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-လူထုသတင်းကွန်ယက်-မလှိုင်မြို့)























































