Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး လော်ဘီလုပ်ပေးနေ

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ မြန်မာ(အာဏာသိမ်းစစ်တပ်)နဲ့ပတ်သက်လို့ သူတို့ရဲ့ချဥ်းကပ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒရှိမှုမြင့်တက်လာနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က CNA သတင်းဌာနကို ပြောပါတယ်။

(ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်။ ဓာတ်ပုံ - CNA)

ဇွန်-၆၊ ၂၀၂၆။ သော်မွန်/People’s Spring

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ မြန်မာ(အာဏာသိမ်းစစ်တပ်)နဲ့ပတ်သက်လို့ သူတို့ရဲ့ချဥ်းကပ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒရှိမှုမြင့်တက်လာနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က CNA သတင်းဌာနကို ပြောပါတယ်။

မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေအကြား ဆွေးနွေးမှုတွေက အဲဒီအချက်ကို ညွှန်ပြနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူအခြေစိုက် CNA သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

စစ်တပ်လွှမ်းမိုးတဲ့လွှတ်တော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတတင်မြှောက်အပြီး နေပြည်တော်ကို ပထမဆုံးလာရောက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေ အတော်ကလေးပြောင်းလဲလာနေပြီလို့ ခံစားရကြောင်း ပြောပါတယ်။ အာဆီယံခေါင်းဆောင်တွေက မြန်မာကို အထီးကျန်နိုင်ငံမဖြစ်စေလိုဘူးလို့လည်း သူထင်မြင်ကြောင်း CNA ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တော့ ထိုင်းနိုင်ငံဟာ အာဆီယံရဲ့လက်ရှိအလှည့်ကျဥက္ကဋ္ဌမဟုတ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ဟာလည်း အာဆီယံရဲ့ပြောရေးဆိုခွင့်ရှိသူမဟုတ်ပါဘူး။

ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နေပြည်တော်ကို သွားရောက်တွေ့ဆုံပြီးနောက်ပိုင်းမှာ အာဆီယံအနေနဲ့ စစ်အာဏာသိမ်းထားတဲ့ မြန်မာကို ပြန်လည်ထိတွေ့ဆက်ဆံဖို့ ဆော်သြခဲ့သလို အာဆီယံနဲ့ မြန်မာစစ်တပ်ပြန်လည်ထိတွေ့ဖို့ ထိုင်းအနေနဲ့ ပေါင်းကူးတံတားထိုးပေးချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆီယံကတော့ ပြီးခဲ့တဲ့ စီဘူးထိပ်သီးညီလာခံမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုရော၊ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးကိုရော တက်ရောက်ခွင့်မပြုဘဲ ဆက်လက်ဖယ်ကြဥ်ခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေက ၂၀၂၁ ဧပြီကတည်းက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းမြန်မာစစ်တပ်က လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိတာကြောင့် ထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် နေပြည်တော်ပြန်လာပြီးနောက်ပိုင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်းအနေနဲ့ မြန်မာနိုင်ငံကို သတိကြီးကြီးထား ထိတွေ့ဆက်ဆံဖို့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၅ရက်မှာ CNA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့လမ်းက တဆင့်ချင်းသွားမယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံမှုတွေ လိုအပ်ပါတယ်။ ကျွန်တော် ထင်တာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကလည်း သူတို့ရဲ့ချဥ်းကပ်မှုတွေကို ပြန်လည်သုံးသပ်နေကြပါပြီ” လို့ ပြောပါတယ်။

ထိုင်းဟာ စစ်တပ်ရွေးကောက်ပွဲတွေအပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြုလုပ်နေပေမယ့် ဘန်ကောက်ရဲ့ထိတွေ့ဆက်ဆံမှုက ခြွင်းချက်မရှိ မူဝါဒမဟုတ်ဘူးလို့ ဆီဟာဆက်က ဆိုပါတယ်။

“အာဏာသိမ်းစစ်တပ်(မူရင်းမှာ မြန်မာအစိုးရ)အနေနဲ့လည်း အကြမ်းဖက်မှုလျှော့ချရေး၊ အများယုံကြည်လက်ခံတဲ့ဆွေးနွေးပွဲတွေဖြစ်မြောက်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးရေးစတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ဖြေရှင်းဆောင်ရွက်ပေးရပါလိမ့်မယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။

အဲဒီလိုလုပ်ဆောင်မှသာ မြန်မာ(စစ်တပ်)အနေနဲ့ အာဆီယံရဲ့လုပ်ငန်းစဥ်တွေမှာ အပြည့်အဝပြန်လည် ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်လာမှာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ရည်မှန်းချက်ကတော့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို စွန့်ပယ်လိုက်ဖို့မဟုတ်ဘဲ လက်တွေ့ကျတဲ့နည်းလမ်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေးကို ရည်ရွယ်တာလို့ ဆီဟာဆက်က ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ဟာ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ ပြန်လည်ထိတွေ့မှုတွေကို အားပေးထောက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဇွန်လ ၄ရက်မှာ ပြင်သစ်သမ္မတမက်ခရွန်ရဲ့အကြံပေးနဲ့ တွေ့ဆုံစဥ်မှာ တိုက်တွန်းခဲ့တာဖြစ်ပြီး အာဆီယံချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ဟာ အနည်းငယ်တိုးတက်မှုရှိနေပြီလို့ ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်က ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့ မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရာမှာ အားနည်းနေဆဲလို့ မှတ်ချက်ပြုထားပြီး စစ်တပ်က ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်မဖော်မချင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကို ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။

လက်တွေ့မြေပြင်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးမှုတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ ကျူးလွန်နေဆဲဖြစ်တယ်လို့ ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။

နောက်ပြီး ပြည်သူရွေးကောက်ခံ အရပ်သားအစိုးရခေါင်းဆောင် အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ အာဆီယံတို့က တောင်းဆိုထားပေမယ့် အာဏာသိမ်းစစ်တပ်က ဒီနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိပါဘူး။ ဒါကြောင့် အာဆီယံဘုံသဘောတူညီချက် ၅ရပ်ထဲမှာ ပါဝင်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးဟာလည်း အလှမ်းဝေးနေဆဲပါ။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ဧပြီမှာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်ဆီ ပြောင်းရွှေ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် မိသားစု၊ ရှေ့နေအပါအဝင် အများယုံကြည်ရသူတစ်ဦးတစ်ဖွဲ့နဲ့မျှ တွေ့ဆုံခွင့်မရသေးပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ဦးဆောင်ပြီး ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေက အသက်ရှင်ကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်းကို လုပ်ဆောင်နေကြပါတယ်။

ကိုးကား – CNA၊ Thai Enquirer

ဆက်စပ်သတင်းများ