ဇွန်-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းဒေသကာကွယ်ရေးတပ်(CDF)-လောက်တူ(Lautu) တပ်နဲ့ အောက်ခြေရဲဘော်အချင်းချင်း ပြဿနာဖြစ်ပွားမှု ညှိနှိုင်းဖြေရှင်း အဆင်ပြေကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ်အလယ်ပိုင်း လောက်တူဒေသ အခြေစိုက်ထားတဲ့ CDF လောက်တူဟာ CNF/CNA နဲ့ မဟာမိတ်ဖြစ်ပြီး နှစ်ဖွဲ့လုံးဟာချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင်ကာကွယ်ရေးတပ်တွေဖြစ်ပါတယ်။
အဲဒီလို မဟာမိတ်တပ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ဇွန်လ ၁၅ရက်မှာ ထွက်ပေါ်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီက အခုလို ရှင်းပြတာပါ။

Public Service Announcement
” သူတို့ အောက်ခြေက ရဲဘော်တွေက ဒါမျိုးက နေရာတိုင်းမှာကြုံနေတဲ့ဟာ။ သူတို့ တပ်မှူးတွေ အချင်းချင်း ညှိပြီး အဆင်ပြေသွားတဲ့ကိစ္စတွေပါ” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
နှစ်ဖွဲ့လုံးဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေဖြစ်ပြီး အခုဖြစ်တာဟာ အောက်ခြေရဲဘော်အချင်းချင်း ပြဿနာသာဖြစ်ပြီး ပေါ်လစီပိုင်းဆိုင်ရာ မဟုတ်ဟု ရှင်းပြပါတယ်။
“ကျနော်တို့လည်း အဲဒီကိစ္စ ကြားပါတယ်။ ကျနော်တို့ နယ်မြေခံတပ်မှူးတွေကို လွှတ်ပြီးတော့ အချင်းချင်း အဲဒါ ပြေလည်အောင် လုပ်သွားပြီးသားကိစ္စ ဖြစ်ပါတယ်” လို့ ဆလိုင်းထက်နီက ပြောကြားပါတယ်။
CDF လောက်တူဟာ မျိုးနွယ်စုအမည်နဲ့ဖွဲ့စည်းထားတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖြစ်ပြီး ထန်တလန်နဲ့ မတူပီမြို့နယ်အတွင်း လောက်တူဒေသမှာ အခြေပြု စုဖွဲ့ထားတာပါ။


















































