ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People’s Spring
ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဇွန်လ ၁၇ ရက် ညနေ သုံးနာရီခွဲခန့်မှာ ရွှေကူမြို့၊ အမှတ်(၁)ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။
“ဖြစ်စဉ်နှစ်ခုစလုံးမှာထိခိုက်တာက ၅ယောက်။ကလေးတစ်ယောက်ကဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်။လေးဦးကသေဆုံးတယ်။ကလေးရဲ့အမေလားအဒေါ်လားမသိဘူးပါတယ်”လို့ ရွှေကူမြို့ပေါ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဟာ စစ်တပ်နဲ့ KIA ဘယ်ဘက်ကပစ်တယ်ဆိုတာအတိအကျမသိရသေးဘူးလို့ မြို့ခံအချို့ကပြောပါတယ်။
“စစ်တပ်ကလည်းမကြာခဏလှမ်းပစ်နေတာပဲ။KIAကလည်းရှော့တိုက်ဒုန်းနဲ့ပစ်တယ်။ အခုက ဘယ်ဘက်ကပစ်မှန်းကိုမသိဘူး။အရင်ကမရှောင်ဘဲနေကြတဲ့သူတချို့မနေရဲတော့လို့ ရွာဘက်ကိုဆင်းကုန်တယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ရွှေကူမှာမြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။
KIAက သတိပေးပြီး နောက်ပိုင်း ရွှေကူမြို့ ၄ လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ရှစ်ဦးထက်မနည်းကို စစ်ကောင်စီကာဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြို့ခံအချို့ကပြောပါတယ်။
တိုက်ပွဲတွေဟာ မြို့ရဲ့အပြင်ဘက်ကျေးရွာတွေမှာဖြစ်နေပြီး ဇွန် ၁၇ ရက်မှာလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေသေဆုံးမှုဟာ ရွှေကူမြို့ပေါ်မှာ ဇွန်လ ၈ရက်နေ့နောက်ပိုင်းပထမဆုံးကြုံတွေ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုဟာ KIA က ရှော့တိုက်ဒုန်းနဲ့ပစ်တာလို့ စစ်ကောင်စီဝါဒဖြန့်ချိရေးစာမျက် နှာတွေကရေးသားနေကြပါတယ်။ဒါပေမယ့်ရွှေကူမြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းက ဇွန် ၁၇ ရက်ညနေပိုင်းမှာမြို့အပြင်ဘက်ကို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် – ရွှေကူ KPDF ကတော့ ဒီနေ့ညနေပိုင်းထုတ်ပြန်တာမှာ စစ်ကောင်စီတပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသလို KIA နဲ့ KPDFဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ပုံမှားရိုက်တာတွေလုပ်နေလို့ သတိ ထားကြဖို့သတိပေးထားပါတယ်။


















































