ဇွန် ၁၈ ၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်တဲ့ ၎င်းရဲ့သားဖြစ်သူတို့ကို စစ်တပ်ရဲ့ အင်းစိန်အကျဉ်းထောင်အတွင်း ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးက ဒီကနေ့ (ဇွန်လ ၁၈ ရက်)မှာ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က စစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ဆရာတင်ညွှန့်တို့ သားအဖကို ၂ လနီးပါးအကြာ ဒီကနေ့မှာ စစ်တပ်ကဆွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။
“အမြင့်ဆုံးပြစ်ဒဏ်ကို ချလိုက်တာ”လို့ ဆရာတင်ညွန့် မိသားစုနဲ့ နီးစပ်သူ စာပေသမားတစ်ဦးက ပြောပါတယ်။

Public Service Announcement
အသက် ၇၁ နှစ်အရွယ်ရှိ စာရေးဆရာကြီး ဦးတင်ညွန့်နဲ့ သားအငယ်ဖြစ်သူ ကိုနေထွန်းတို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ၎င်းတို့ရဲ့နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးပြီးနောက် သန်လျင်မြို့နယ်တရားရုံးမှာ ချုပ်ရက်ယူခဲ့ပြီး အမှုစတင်စစ်ဆေးချိန်ကတည်းက အင်းစိန်အကျဉ်းထောင်အတွင်း၌သာ စစ်ဆေးခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
တရားရုံးချိန်း ၄ ကြိမ်အထိ စစ်ဆေးပြီးနောက် ဒီကနေ့မှာ ၅ ချိန်းမြောက် ရုံးချိန်းမှာ အထူးတရားရုံးက ယခုကဲ့သို့ အပြီးသတ်အမိန့်ချမှတ်ခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ဆရာတင်ညွှန့် ဖမ်းဆီးခြင်းမခံရမီရက်ပိုင်းအလိုက အွန်လိုင်းစာအုပ်အရောင်းဆိုင်တစ်ခုကနေ ဆရာ့ရဲ့
၂၀၁၄ ခုနှစ်ထုတ် ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်၊ ၂၀၁၉ ခုနှစ်ထုတ် ခွေးထိန်းငတာက ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်ထုတ် ဦးသန်းရွှေ၏ ယတြာများစတဲ့ စာအုပ်တွေကို ရောင်းချခဲ့ပါတယ်။ အဲဒီစာအုပ်တွေဟာ ဦးသိန်းစိန်လက်ထက်နဲ့ NLD အစိုးရလက်ထက်မှာ တရားဝင် ထုတ်ဝေခဲ့တာတွေပါ။
စစ်အုပ်စုဟာ ယခင်က တရားဝင် ထုတ်ဝေခဲ့တဲ့စာအုပ်တွေကို အကြောင်းပြပြီး စာအုပ်ရောင်းသူကို ဖမ်းဆီးခဲ့တဲ့အပြင် ရေးသူ အသက် ၇၁ နှစ်အရွယ် ဆရာတင်ညွှန့်နဲ့ ထုတ်ဝေသူ ဆရာ့သားကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဆရာတင်ညွှန့်ဟာ Facebook လူမှုကွန်ရက်ပေါ်မှာလည်း စာတွေရေးသားလေ့ရှိတာကြောင့် အဆိုပါစာတွေကိုပါ စစ်ကောင်စီက မျက်မုန်းကျိုးပြီး အခါအခွင့်သင့်တာနဲ့တပြိုင်နက် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက ယူဆကြတယ်။ စစ်အုပ်စုဟာ စာရေးဆရာတင်ညွန့်ကို ပုဒ်မ ၅၀၅ (က) နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။
ဆရာတင်ညွှန့်ဟာ ၂၀၁၁ ခုနှစ်မှာ “လူငယ်နှင့်အတွေးအမြင်” စာအုပ်နဲ့ ထွန်းဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်တဲ့ လူငယ်စာပေဆုကိုရရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်နဲ့ သုတစွယ်စုံစာပေဆု ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အမျိုးသားစာပေဆုကို ကျောင်းဆရာ မှတ်တမ်းစာအုပ်နဲ့ ရရှိခဲ့ပါတယ်။ သူ့ရေးသားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့ပြီး မြင့်မြတ်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိစေခဲ့ပါတယ်။ ဆရာဟာ နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္ထုရှည် စာအုပ်ပေါင်း (၅၀) ကျော်ကို ရေးသားပြုစုခဲ့ပြီးဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းတဲ့နေ့တုန်းကလည်း စာရေးဆရာ မောင်သာချိုနဲ့ ဆရာမ သန်းမြင့်အောင်တို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။ ဆရာမောင်သာချိုရော ဆရာမသန်းမြင့်အောင်ပါ အကျဥ်းထောင်ထဲမှာ နှစ်နှစ်နီးပါး အကျဥ်းချခံခဲ့ရပါတယ်။ သို့ပေမဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လထဲမှာတော့ ဆရာမောင်သာချိုဟာ အကျဥ်းထောင်ထဲကနေ ရရှိလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ အခုလည်း အသက် ၇၀ ကျော်အရွယ်ရှိတဲ့ ဆရာတင်ညွှန့်ကို မယ်မယ်ရရ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ဆရာတင်ညွှန့်စာအုပ်ရောင်းလို့ အဖမ်းခံရတဲ့ အမျိုးသမီးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။


















































