Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

(စစ်တပ် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၁၉၊၂၀၂၆ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်တပ်က ဖားကန့်ဗျူဟာကုန်းကနေ နေ့လယ် ၁၂နာရီခန့်မှာ ပစ်ခတ်တာဖြစ်ပြီး ဆိုင်းတောင်ကကျေးရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးပစ်ခတ်မှုဟာ နေအိမ်တည့်တည့်ပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်မှာနေထိုင်သူ ၁ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” မသာတွေက ဗျူဟာကုန်းကနေ လက်သရမ်းပြီး ပစ်နေတာ။ မိမဆုံးမ၊ ဖမဆုံးမတွေ”လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်ဟာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်ပါတယ်။

ဖားကန့်ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ကျောက်စိမ်းတွင်း‌ တူးဖော်ခွင့်တွေ၊ ဓားပြတိုက်လူသတ်တာတွေကို ခွင့်ပြုပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ SNA၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီရှိနေပြီး ၎င်းတို့တပ်စွဲထားတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။ ယခုရက်ပိုင်းမှာ ဖားကန့်ဗျူဟာကုန်းကနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက အရပ်သားနေထိုင်ရာကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။

” SNA နဲ့ ပြည်သူ့စစ်တွေက စစ်တပ်နဲ့ပေါင်းပြီး တရားလွန်ကျူးလွန်နေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီပူးပေါင်းအဖွဲ့တွေဟာ ၎င်းတို့စစ်ကြောင်းလှုပ်ရှားရာနေရာတစ်လျှောက်မှာ ဓားပြတိုက်လုယက်တာတွေလည်းကျူးလွန်နေလို့ ဖားကန့်ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ဇွန်လ ၁၆ရက်မှာတော့ ပြည်သူ့စစ်တွေပါဝင်တဲ့ ဓားပြအဖွဲ့ကို KIA၊KPDFက ဖမ်းဆီးခဲ့ပေမယ့် ဓားပြတိုက်မှုတွေဆက်ဖြစ်နေပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေသလို တိုက်ပွဲအတွင်းအရပ်သားထိခိုက်မှုတွေနဲ့ မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ၁၇ရက်က လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)ထဲက ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဉ်မှာ အမျိုးသမီး ၃ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ ဖားကန့်မြို့နယ်နဲ့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိ‌နေပါတယ်။

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး တွေအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။

ယမန်နေ့ ဇွန်လ ၁၈ရက် ညပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အသေးစိတ်ကိုမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်က တိုက်ပွဲတွေမှာဆိုရင် စစ်တပ်ဟာ အရပ်သား နေထိုင်ရာ ပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက စက်သေနတ်နဲ့ ပစ်တာတွေ လုပ်ဆောင်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။