ဇွန် ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။
ဒေသခံက ဖော်ပြထားတဲ့ လေကြောင်းတိုက်ခိုက်ခံရမှု မှတ်တမ်းတွေအရ ဇွန်လ ၁၇ရက်ကနေ ဒီကနေ့ ဇွန်လ ၁၉ရက် ညနေပိုင်းအထိ စစ်တပ်က မင်းတပ်မြို့နယ်ကို အကြိမ်ပေါင်း ၄၀နီးပါး ဗုံးအလုံးရေ ၁၁၀ ကျော် အသုံးပြု တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
စစ်တပ်ဟ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေသလို တိုက်ပွဲမရှိတဲ့ မြို့ပေါ်က ပြည်သူလူထု နေအိမ်တွေကိုလည်း တခါတရံ လေကြောင်းဗုံးကြဲဖျက်ဆီးမှု လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement
မှတ်တမ်းတွေအရ ဒီကနေ့ ဇွန် ၁၉ရက် ညနေပိုင်းမှာ စစ်တပ်က Y12 လေယာဉ်နဲ့ ၁၁ကြိမ် ဗုံး ၂၆ လုံးကြဲချခဲ့သလို မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၈ကြိမ် ဗုံး ၁၆လုံး ကြဲချခဲ့ပါတယ်။
ဇွန်လ ၁၇ရက် ညနေပိုင်းကလည်း တိုက်လေယာဉ်နဲ့ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို ဗုံး ၂လုံး ကြဲချခဲ့သလို အဲဒီနေ့ မနက်ပိုင်းမှာလည်း Y12 လေယာဉ်နဲ့ ဗုံးအလုံးရေအများအပြား ကြဲချခဲ့ပါတယ်။
ဇွန်လ ၁၇ရက် မနက် ၇နာရီကနေ စတင်ပြီး ၁နာရီကျော်အတွင်း စစ်တပ်က မင်းတပ်အရှေ့ခြမ်းကို Y12နဲ့ ၁၇ကြိမ် ဗုံးသီး အလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ ပြန်ရဖို့ မေလလယ်က စတင်ထိုးစစ်ဆင်နေရာ တိုက်ပွဲတွေ တောက်လျှောက်ဆိုသလို ပြင်းထန်နေတာပါ။
စစ်ရေးသတင်းတွေကို လိုအပ်မှ အသိပေးမယ်လို့ CPU/CPA ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုထားပြီး စစ်ရေးသတင်းတွေ အသေးစိတ်ထုတ်ပြန်တာမရှိပါဘူး။ ဒါပေမဲ့ စစ်အုပ်စုလက်ထဲ မြို့တွေ ပြန်မရောက်ရေး ကြိုးပမ်းသွးမယ်လို့ CPU/CPAခေါင်းဆောင်အချို့က ပြောကြားထားသလို ပြည်သူတွေအနေနဲ့လည်း ရတဲ့နည်းနဲ့ တော်လှန်ရေးမှာ ပါဝင်ဖို့ နှိုးဆော်ထားပါတယ်။


















































