ဇွန်-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
ဇွန်လ ၁၄ရက်က လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့မှုကို မြို့နယ် ပကဖက ဇွန် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ရာ ဒေသတွင်း စစ်ရေးအခြေအနေ မေးမြန်းမှုအပေါ် အခုလို ဖြေကြားတာဖြစ်ပါတယ်။
” ခုလက်ရှိမှာတော့ရွာထဲစခမရှိတော့ဘူးဗျ ရွာသားတွေလည်းရွာထဲပြန်၀င်နေကြတယ်ဗျ။ စခကပြန်ဆုတ်သွားပြီး။ စစ်ပြဲရွာမြောက်ဖက်ခြမ်းကခြံတွေထဲမှာပဲလို့ယူဆရတယ်” လို့ မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြီး တိုက်ပွဲအချိန်မရွေးဖြစ်နိုင်ကြောင်းကို အတည်ပြုပါတယ်။

Public Service Announcement
ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ဝေးဝေးရှောင်ကြဖို့လည်း ပကဖ တာဝန်ရှိသူက တိုက်တွန်းပါတယ်။
“လူငယ်တွေ အဖမ်းမခံရအောင်ဂရုစိုက်ရှောင်ရှားကြပါ ။ စကမတပ်ထဲကပစတွေကိုတော့ကျနော်တို့အနေနဲ့ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ပြေးချင်တဲ့စိတ်အမှန်တကယ်ရှိရင်လွတ်ကိုလွတ်ပါတယ်။ စစ်ကြောင်းထွက်လေပြေးလို့ကောင်းလေ ပိုပြီးအခွင့်လမ်းများလေပဲ စစ်ကြောင်းကထွက်ပြေးပြီးမှ လက်နက်မပါလာရင်တော့ ၈၀ရာခိုင်နှုန်းကယုံကြည်လို့မရဘူး” လို့ မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဇွန်လ ၁၄ရက်က ဖြစ်ပွားခဲ့တဲ့ စပ်ပြဲရွာတိုက်ပွဲဟာ ဇွန်လ ၁၅ရက်နေ့အထိ ပြင်းထန်ခဲ့ပါတယ်။
စစ်တပ်က လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုတွေ ရှိပေမယ့် ဇွန်လ ၁၅ရက်မနက်မှာ ကျေးရွာအတွင်းက ဆုတ်ခွာသွားတာပါ။ တိုက်ပွဲအပြီး ရှင်းလင်းစဉ် စစ်တပ် ရုပ်အလောင်း ၇လောင်း၊ လက်နက် ၁လက်နဲ့ကျည်ခဲယမ်းတွေ သိမ်းရဟု မြို့နယ်ပကဖ က အသိပေးထားပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က အရာရှိ ၂ဦးအပါအဝင် ဒဏ်ရာရသူတွေရှိတယ်လို့ မြို့နယ်ပကဖက ထုတ်ပြန်ထားပြီး တော်လှန်ရေးရဲဘော်အချို့ ဒဏ်ရာရခဲ့တာကိုလည်း အသိပေးပါတယ်။
စပ်ပြဲရွာ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း မှဦးစီးပြီး ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(ပင်လယ်ကြယ်တပ်ခွဲ)၊ထားဝယ်ခရိုင်အမှတ် (၈၀ဝ၃)တပ်ရင်း၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBF)၊ဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်း-ပကဖ)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊Guerrilla Dawei(ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)၊အထူးပြောက်ကျား တပ်ဖွဲ့ Dragon Squad (2) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


















































