Connect with us

Hi, what are you looking for?

သတင်း

အာရက္ခသတင်းမီဒီယာကောင်စီကို ရခိုင်သတင်းသမားတွေ ဖွဲ့စည်း

သတင်းလွတ်လပ်ခွင့်၊ ဘေးကင်းလုံခြုံရေးနဲ့ သာရေး၊ နာရေးကိစ္စရပ်တွေအတွက်ဖွဲ့တာလို့ အသိ​ပေး

ဇွန်-၂၂၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

ရခိုင်ပြည်တွင်းနဲ့ ပြည်ပရောက် လွတ်လပ်တဲ့ရခိုင်သတင်းသမားတွေ ဦးဆောင်ပြီး အာရက္ခမီဒီယာကောင်စီ(APC) ကို စတင်ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့ (ဇွန်လ ၂၂ ) မနက်ပိုင်းမှာ အဲဒီကောင်စီက ထုတ်ပြန်ပါတယ်။

ကောင်စီကိုရခိုင်သတင်းသမား ၃၃ ဦးက ဇွန်လ ၁၄ ရက်နေ့မှာ အစည်းအဝေးတရပ်ပြုလုပ်ပြီး ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တာလို့​ဖော်ပြပြီးသတင်းသမားတွေရဲ့ လွတ်လပ်စွာသတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့်မြှင့်တင်ရေး၊ ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်တွေ ရေးဆွဲပြဌာန်းကျင့်သုံးရေးနဲ့ သတင်း စာပညာဆိုင်ရာအရည်အသွေးကဏ္ဍစုံမြှင့်တင်ရေးတို့ကို အဓိကတာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“APC ကို ဖွဲ့စည်းရတဲ့ အဓိကအကြောင်းရင်းကသတင်းသမားတွေလွတ်လပ်စွာ သတင်းရယူခွင့်ရဖို့ရယ်၊သတင်း လွတ်လပ်ခွင့်တွေ ပိုပြီးမြင့်တက်ဖို့ပေါ့နော်။ သတင်းသမားတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ ကာကွယ်မှုရရှိရေး စတာ တွေကို လုပ်ပေးချင်တယ်။ ပြီးရင် သတင်းသမားတွေကို ပိုပြီးတော့ capacity building ဖြစ်အောင် လုပ်ပေးချင် တယ်ပေါ့လေ။ အဲဒါတွေကြောင့် ဖွဲ့စည်းရတာဖြစ်ပါတယ်ခင်ဗျ” လို့ APC ပြောရေးဆိုခွင့်ရှိသူ ကိုတေဇာအောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာရက္ခမီဒီယာကောင်စီအနေနဲ့ ပြည်ပရှိ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ ရခိုင်ဒေသအာဏာပိုင်အစိုးရဖြစ်တဲ့ AA တို့နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိပြီး ရခိုင်သတင်းသမားတွေရဲ့သာရေး၊ နာရေးကိစ္စရပ်တွေကိုလည်း ကူညီဆောင် ရွက်ပေးဖို့ စီစဉ်ထားတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင်မြေပြင်မှာသတင်းရယူခွင့်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေနဲ့ သတင်းထောက်တွေကြား အမြင်မတူမှုတွေ ကို ညှိနှိုင်းပေးသွားမှာဖြစ်ပြီး သတင်းသမားတွေအတွက် ကျင့်ဝတ်၊ စံနှုန်းတွေလည်း ရေးဆွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့အပိုင်းတွေမှာလုံခြုံရေး၊စစ်ရေးနဲ့ဆိုင်တဲ့အခါကန့်သတ်ချက်တွေတော့ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ရဲ့ အစိုးရဖြစ်တဲ့ AA ကလည်း သူ့ပြည်သူတွေတခုခုဖြစ်မှာကို စိုးရိမ်တယ်၊စစ်ရေး၊လုံခြုံရေးကိုစိတ်ပူတယ် ပေ့ါနော်။ ဒီဘက်က သတင်းသမားကျတော့လည်း ဒါကို သတင်းထုတ်သင့်တယ်ဆိုပြီးတော့ မြင်တာမျိုးတွေရှိ တယ်။ ဒီလိုအမြင်မတူတာလေးတွေကိုဘယ်လိုပိုကောင်းအောင် လုပ်မလဲ၊ ဘယ်လိုကျော်လွှားကြမလဲ၊ ကျွန် တော်တို့သတင်းသမားတွေဘက်ကလည်း စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်လိုသတ်မှတ်ကြလဲ၊ ဒါကို ကျွန်တော်တို့ လုပ်ချင်လို့ ဒါကို လုပ်ရတာဖြစ်တယ်” လို့ ကိုတေဇာအောင်က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွင်းကမြို့နယ် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ပြီး အုပ်ချုပ်ရေး၊ တရားစီရင် ရေး၊ တရားဥပဒေစိုးမိုးရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းတွေကိုပါ ဆောင်ရွက်နေတာပါ။

အဲဒီလိုအခြေအနေမှာ မြေပြင်မှာရှိနေတဲ့ သတင်းသမားတွေဟာမြေပြင်အခြေအနေသတင်းတွေကို ရေးသား၊ ထုတ်လုပ်ဖို့ ရိုက်ကူး၊ မေးမြန်းကြတဲ့အခါ အောက်ခြေအဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ခွင့်ပြုချက်လိုအပ်ပြီး တ ခါတရံ သတင်းယူခွင့် ကန့်သတ်ခံရတာတွေ ရှိတယ်လို့ သတင်း​ထောက်အချို့က ပြောကြပါတယ်။

ဒါ့ကြောင့်အခုလိုသတင်းသမားတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တတဲ့ အာရက္ခမီဒီယာကောင်စီ ပေါ်ပေါက်လာတဲ့အပေါ် ကြိုဆိုပြီး သတင်းသမားတွေအတွက် ရပ်တည်၊ ကာကွယ်ပေးဖို့ မျှော်လင့်တယ်လို့ APC အဖွဲ့ဝင်ဖြစ် တဲ့ ရခိုင်မှာနေထိုင်သူအလွတ်တန်းသတင်းထောက် ကိုအောင်စိုးက ပြောပါတယ်။

“ကျွန်တော်တို့ မြေပြင်မှာရှိနေတဲ့သတင်းသမားတွေမှာစိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။အဲဒီလို စိန်ခေါ်မှုတွေကိုသတင်းသမားတဦး၊ တယောက်ကပဲ ထုတ်ဖော်ပြောဆိုတာက မြေပြင်မှာ အလုပ်မဖြစ်ပါဘူး။ APC က သတင်း သမားတွေရဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ရှေ့ကနေပြီးမှ ထုတ်ဖော်ပြောဆိုတာကပိုပြီးသက်ရောက်မှု ရှိပါလိမ့်မယ်။ ဒါကြောင့် APC က သတင်းသမားတွေအတွက် ဘယ်အခြေအနေမှာမဆို အကာအကွယ်တခုအဖြစ် ရပ်တည် ပေးဖို့ကို မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ အာရက္ခမီဒီယာကောင်စီကို ယာယီကော်မတီတွေနဲ့ လည်ပတ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပေဒ(မူကြမ်း)နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို စနစ်တကျရေးဆွဲနေကာ မကြာခင်ကျင်းပမယ့် ညီလာခံမှာ အတည်ပြုလုပ်ဆောင်သွား မယ်လို့ ကောင်စီဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

အဲဒီလို သီးခြားလွတ်လပ်တဲ့သတင်းသမားတွေစုစည်းပြီးအာရက္ခမီဒီယာကောင်စီဖွဲ့စည်းလိုက်တဲ့အပေါ် AA ရဲ့ အမြင်၊ သဘောထားကို သိရဖို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ဖို့ကြိုးစား​နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ