ဇူလိုင် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။
SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် တာဝန်ရှိသူတွေဟာ SCEFရဲ့ ရည်ရွယ်ချက်တွေ ဆောင်ရွက်မှုတွေကို ရှင်းပြခဲ့ပြီး အပြန်အလှန် ဆွေးနွေးတာ ပြုလုပ်ခဲ့တာလို့ SCEFက ထုတ်ပြန်ထားပါတယ်။
မနေ့က ပြုလုပ်တဲ့ တွေ့ဆုံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ CDM အောင်မြင်ရေးကော်မတီ၊ ကချင်ပြည်နယ်CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ(KSCCSC)၊ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု ကောင်စီ(KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-SFU)၊ Bago Region CDM Servants Council(BRCC)၊ မန္တလေးဒေသအကြမ်းမဖက်အာဏာဖီဆန်ရေး အဖွဲ့ (MCDMO)၊မွန်ပြည်နယ်CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)၊Tanintharyi CDM Solidarity Network(TCSN)၊Yangon Federal Unit CDM Civil Servants Organization(YFCCO) ၊Shan State CDM Council (Pre Founding) နဲ့ CDM အဖွဲ့အစည်းများမှ တာဝန်ခံများ၊ ကိုယ်စားလှယ်များ စုစုပေါင်း ၆၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

Public Service Announcement
အဲဒီတွေ့ဆုံပွဲမှာ ဒေသဆိုင်ရာ CDM အဖွဲ့အစည်း ၈ ခု ပူးပေါင်း၍ CDM ဝန်ထမ်းများရဲ့ကဏ္ဍနဲ့ လုံခြုံရေးဆိုင်ရာ အချက် ၉ ချက် တင်ပြဆွေးနွေးခဲ့ကြောင်း ဒေသဆိုင်ရာ CDM အဖွဲ့အစည်း (၈) ခုက ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကောင်စီ (KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊ ပဲခူးဒေသ စီဒီအမ် နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)၊ ရန်ကုန်ဖက်ဒရယ်ယူနစ် စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ အဖွဲ့အစည်း (YFCCO) နဲ့ ရှမ်းပြည်နယ် CDM ကောင်စီ (Pre Founding) တို့ စုပေါင်းညှိနှိုင်းထားတဲ့ အဆိုပြုချက် ၉ရပ်ကို တင်ပြခဲ့တာလို့ ဆိုပါတယ်။
အဲဒါတွေကတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် အစိုးရများ၊ တိုင်းရင်းသားအဖွဲ့အစည်းများက ဒေသဆိုင်ရာ CDM အဖွဲ့အစည်းများကို တရားဝင်အသိအမှတ်ပြုဖို့ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများနဲ့ ဆွေးနွေးပွဲများကို SCEFနဲ့ အတူ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ဖို့၊ CDM နိုင်ငံ့ဝန်ထမ်းများရဲ့ တာဝန်ထမ်းဆောင်နိုင်ရေးနဲ့ လုံခြုံရေးအတွက် ခိုင်မာသော အာမခံချက်များ ရှိစေဖို့ အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုနှင့် ပြည်နယ်/ယူနစ်များ၏ ဝန်ထမ်းယန္တရားတွင် ဝန်ထမ်းရေးရာနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ CDM ဝန်ထမ်းများက ဦးစီးဦးဆောင် ပြုနိုင်ရေး ဆောင်ရွက်ဖို့၊ CDM ဝန်ထမ်းများရဲ့ မရှိမဖြစ် လိုအပ်နေသော လူမှုအခက်အခဲများကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ရေး စီမံဆောင်ရွက်ဖို့၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ သက်ဆိုင်ရာ ပြည်နယ်/ယူနစ်များရဲ့ ပြဋ္ဌာန်းချက်များကို အာဏာသက်ရောက်စေရေး SCEF နဲ့အတူ ကြိုးပမ်းဖို့ အဆိုပြုထားတယ်လို့ အသိပေးပါတယ်။
SCEFမှာ CDM နိုင်ငံ့ဝန်ထမ်းရေးရာနဲ့ ပတ်သက်တဲ့ သီးသန့်ကဏ္ဍရပ်တစ်ရပ် ထည့်သွင်းပေးဖို့၊ CDM ဝန်ထမ်းများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးနိုင်ရေး (Regular Meetings) စီမံပေးဖို့ အချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် NUCC ရဲ့ အခန်းကဏ္ဍ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်းတို့နဲ့ စပ်လျဉ်း၍ SCEFနဲ့ NUCC တို့ရဲ့ လုပ်ငန်းများအပေါ် သိရှိနားလည်မှုများ မရောထွေးစေရေး ရှင်းလင်းစွာ သိရှိလိုကြောင်းလည်း CDM အဖွဲ့အစည်းတွေ့ အဆိုပြုထားပါတယ်။


















































