ဇူလိုင်-၁၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။
ဒေါက်တာဖေဉာဏ်ဟာမှော်ဘီမြို့၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းက စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းမှာ ဦးပညာဝံသအမည်နဲ့ ဘုန်းကြီးဝတ်နေစဉ် သူသတင်းသုံးနေတဲ့ကျောင်းခန်းအတွင်း ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို ဇူလိုင်လ၂ ရက်နေ့မနက်ပိုင်းမှာ တွေ့ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်း စစ်တပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး လူရာချီကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“ကျောင်းပတ်ဝန်းကျင်ကလူငယ်တွေ၊ဆောက်လုပ်ရေးဆိုဒ်တွေက အလုပ်သမားတွေ၊ လယ်သမားတွေ အကုန်ဖမ်းတာ။ လူဖမ်းပွဲလုပ်ပြီး ဖမ်းတာနော်။ အခုကတော့ ပန်းရံလုပ်တဲ့ လူငယ်၄ယောက်ကို တရားခံလို့ ပြောပြီး အမှုတင်ဖို့လုပ်နေတယ်”လို့ မှော်ဘီမြို့ခံ တဦးပြောပါတယ်။
ဒေါက်တာဖေဉာဏ်ဟာအာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုကြီး သန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန်ရဲ့ အခါတော်ပေးအဖြစ်လုပ်ခဲ့သူဖြစ်ပါတယ်။ ဦးသိန်းစိန် လက်ထက်မှာ ဘုန်းကြီးဝတ်သွားပြီး အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကလည်း ကိုးကွယ်သူလို့ သိရပါတယ်။ သေဆုံးချိန်မှာ အသက်၇၅နှစ်ရှိပြီဖြစ်ပါတယ်။ ဒီလူသတ်မှုဖြစ်စဉ်ကို တရားခံမိအောင်ဖမ်းပေးဖို့ အာဏာသိမ်းစစ်တပ်က ရဲတပ်ဖွဲ့ကိုဖိအားပေးခဲ့ပြီးလူရာချီကို အတင်းအဓမ္မဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဖြစ်စဉ်ကို သိသူက ပြောပါတယ်။
” အဖမ်းခံရသူ ၁၀၀ ကျော််တယ်။ ပြန်မလွတ်သူတွေလည်း ရှိသေးတယ်။ ငွေလည်း ညှစ်တယ်နော်။ အခုကတော့ ပန်းရံသမားတွေကို တရားခံဆိုပြီးပထမဆုံးသတင်းလွှင့်နေပြီ”လို့ ၎င်းက ပြောပါတယ်။
စစ်တပ်ဝါဒဖြန့်ချီရေးသမားတွေကတော့ မှော်ဘီကပန်းရံလုပ်သားနှစ်ဦး၊ ဧရာဝတီတိုင်းကနေ လာပြီး ဆောက်လုပ်ရေးလုပ်နေတဲ့ ပန်းရံလုပ်သားနှစ်ဦး၊စုစုပေါင်း လေးဦးကစန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းထဲ သစ်တွေဝင်ခိုးစဉ်ဒေါက်တာဖေဉာဏ် (ဦးပညာဝံသ)နဲ့ ပက်ပင်တိုးလို့ ဓားနဲ့ ထိုးသတ်သွားတာလို့ ရေးသားနေကြပါတယ်။
စစ်တပ်လက်အောက်မှာနိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာလူသတ်မှု၊ ဓားပြမှု၊ လုယက်မှု စတဲ့အမှုမျိုးစုံထူပြောလာပြီး တရားဥပဒေစိုးမိုးမှုလျော့နည်းလာပါတယ် ။ အမှုအခင်းတွေမှာစစ်တပ်နဲ့ နီးစပ်သူတွေ ၊ ပျူစောထီးတွေ ၊စစ်တပ်သတင်းပေးစတဲ့သူတွေကျူးလွန်တဲ့အမှုတွေပိုများလာပြီး သူတို့ကိုစစ်အုပ်စုက အရေးမယူသလို ၊တရားဥပဒေစိုးမိုးမှုလျော့နည်းလာတာကြောင့် ကျူးလွန်သူတွေက စစ်အုပ်စုကိုလာဘ်ပေးပြီး ပြစ်ဒဏ်ကင်းလွတ်အောင်လုပ်တာတွေလည်းပိုများလာတယ်လို့ပြည်သူတွေကပြောပါတယ်။ဒါကြောင့် ပြည်သူတွေက အာဏာသိမ်းစစ်တပ်အောက်မှာ ငွေများတရားနိုင်ခေတ်ဖြစ်နေတယ်လို့ပြောကြပါတယ် ။


















































