Connect with us

Hi, what are you looking for?

သတင်း

လွှတ်တင်လိုက်တဲ့ ဒုံးပျံကို ပထမဆုံးအကြိမ်အဖြစ် တရုတ် အောင်အောင်မြင်မြင် ပြန်လည်ဖမ်းယူ

အာကာသထဲ လွှတ်တင်ပြီး နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်မယ့် ဒုံးပျံတစ်စီး ဆင်းသက်လာမှုကို တရုတ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ဖမ်းယူပြနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Xinhua

အာကာသထဲ လွှတ်တင်ပြီး နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်မယ့် ဒုံးပျံတစ်စီး ဆင်းသက်လာမှုကို တရုတ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ဖမ်းယူပြနိုင်ခဲ့ပါတယ်။

ဒါဟာ တရုတ်ရဲ့ အာကာသ စူးစမ်းလေ့လာရေး ရည်မှန်းချက်တွေမှာ အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်သလို အနာဂတ် အာကာသ ခရီးစဉ်တွေမှာ လွှတ်တင်မှု စရိတ်ကို အများအပြား လျှော့ချနိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။

ဒီအောင်မြင်မှုကြောင့် အကြိမ်ကြိမ် ပြန်လည် အသုံးပြုနိုင်တဲ့ ဒုံးပျံစျေးကွက်မှာ အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ SpaceXနဲ့ Blue Originတို့ရဲ့ လွှမ်းမိုးမှုကို တရုတ်က စိန်ခေါ်လာနိုင်ခြေ ရှိနေပါတယ်။ SpaceXကို အီလွန်မာ့စ်ခ်က ဦးဆောင်နေပြီး Blue Originကိုတော့ ဂျက်ဖ်ဘီဇော့စ်က ထိန်းချုပ်ထားပါတယ်။

ဇူလိုင် ၁၀ ရက်နေ့တုန်းက Long March-10B ဒုံးပျံဟာ နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်မှာရှိတဲ့ မြေပြင် အခြေစိုက် စခန်းကနေ ပျံတက်သွားခဲ့ပြီး ဂြိုဟ်တုတစ်ခုကို ကမ္ဘာပတ်လမ်းထဲ ပို့ဆောင်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသ ကွပ်ကဲရေးဌာန (CNSA)က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ ဒုံးပျံကို မြေပြင်ပေါ်ကနေ တွန်းတင်ပေးလိုက်တဲ့ အောက်ဖက် အစိတ်အပိုင်းဟာ ကမ္ဘာပေါ် ပြန်လည် ကျဆင်းလာပြီး ပင်လယ်ပြင်မှာ ကုဗတုံးပုံ တည်ဆောက်ထားတဲ့ ပလက်ဖောင်း တစ်ခုကို အသုံးပြုပြီး ပြန်လည် ရယူခဲ့ပါတယ်။ တရုတ် အစိုးရပိုင် CCTV သတင်းဌာနက အဲဒီ ဒုံးပျံဟာ သတ်မှတ်ထားတဲ့ နေရာဆီ ငြင်ငြင်သာသာနဲ့ တိတိကျကျ ပြန်လည် ကျဆင်းလာတဲ့ မှတ်တမ်း ဗီဒီယိုကို ထုတ်ပြန် ပြသခဲ့ပါတယ်။

ဒုံးပျံရဲ့ ပထမအဆင့် တွန်းကန်စနစ်ကို အောက်ခြေမှာ ပိုက်ကွန်ပုံစံ ရက်လုပ်ထားတဲ့ ပလက်ဖောင်း တစ်ခုကို အသုံးပြုပြီး အမှားအယွင်းမရှိ ဖမ်းယူနိုင်ခဲ့ကြောင်း၊ ဒါဟာ ပြန်လည် ကျဆင်းလာတဲ့ ဒုံးကျည်ကို ပင်လယ်ပြင်မှာ ပထမဆုံး ဖမ်းဆီးတဲ့ ကမ္ဘာ့ ပထမဆုံး အောင်မြင်မှုလည်း ဖြစ်လာကြောင်း CNSAက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးတော့ ဒီကိစ္စဟာ တရုတ်ရဲ့ ပြန်လည် အသုံးပြုနိုင်တဲ့ ဒုံးပျံနည်းပညာ ထိုးထွင်းတီထွင်မှုမှာ အထူးအရေးပါတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာကြောင်းလည်း CNSAက ညွှန်းဆိုထားပါတယ်။

SpaceXကလည်း ကမ္ဘာပေါ်ကို ပြန်လည် ဆင်းသက်လာတဲ့ ဒုံးပျံကို အောင်အောင်မြင်မြင် ဖမ်းယူထားပေမယ့် တရုတ်နည်းပညာနဲ့ ကွာခြားပါတယ်။ SpaceXရဲ့ Falcon 9ဟာ သတ်မှတ်ထားတဲ့ မြေပြင်နေရာကို ဆင်းသက်ရာမှာ လေယာဉ်တွေ ဘီးချသလိုမျိုး ခြေထောက်တွေကို ဖြန့်ချလိုက်တဲ့ စနစ်ကို အသုံးပြုပါတယ်။ ဒါ့အပြင် SpaceXဟာ မျိုးဆက်သစ် Starship အာကာသ ယာဉ်တွေ ဆင်းသက်ချိန်မှာ မြေပြင်အခြေစိုက် မျှော်စင်ကနေ စက်လက်တံတွေနဲ့ ဆီးပြီး ဖမ်းယူတဲ့ နည်းပညာကိုလည်း တီထွင်ထားပါတယ်။

ကျဆင်းလာတဲ့ ဒုံးပျံကို ပိုက်ကွန်နဲ့ ဖမ်းယူတာဟာ ထူးကဲသာလွန်မှုတွေကို ပေးစွမ်းနိုင်တယ်လို့ တရုတ်ရဲ့ ယာဉ်လွှတ်တင်မှု နည်းပညာ အကယ်ဒမီရဲ့ ပညာရှင် ချူမူယီက ပြောပါတယ်။ တခြားနည်းတွေနဲ့ ယှဉ်ရင် ပိုက်ကွန်နဲ့ ဖမ်းယူမှုဟာ ဒုံးပျံတွေရဲ့ ဆင်းသက်မှုအတွက် လိုအပ်ချက် အများစုကို ပိုပြီး ကိုက်ညီအောင် ကိုင်တွယ်ပေးနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒုံးပျံအများစုဟာ တစ်ကြိမ်သာ အသုံးပြုလို့ရပြီး လွှတ်တင်ပြီးချိန်မှာ တွန်းကန် စနစ်တွေဟာ ပင်လယ်ပြင်ထဲ ကျဆင်းတာ၊ ဒါမှမဟုတ် လေထုပွတ်တိုက်မှုကြောင့် မီးလောင် ပြာကျတာမျိုးတွေနဲ့ ဆုံးရှုံးလိုက်ရလေ့ ရှိပါတယ်။ ရံဖန်ရံခါမှာတော့ ကမ္ဘာပတ်လမ်းထဲမှာ အာကာသ အမှိုက်တွေအဖြစ် လွင့်မျောနေတတ်ပါတယ်။

ဒုံးပျံတစ်စီးမှာတော့ မြေပြင်ပေါ်ကနေ တွန်းတင်ပေးတဲ့ အောက်ခြေအဆင့်ဟာ စျေးအကြီးဆုံးဖြစ်ပြီး အဲဒီအပိုင်းကို အကြိမ်ကြိမ် ပြန်အသုံးပြုနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေကြံဆနေကြတာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ဘာဗီဟာ တိုင်ဖွန်းအဆင့်ကို အားပျော့သွားပြီး မြောက်ဖက်ကို နည်းနည်းပိုပြီး လမ်းကြောင်း ပြောင်းသွားတဲ့နောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ ရာသီဥတု ကြမ်းတမ်းမှု အခြေအနေတွေ ကြုံနေရပြီး လူအသေအပျောက်တွေ၊ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက မြေပြိုမှု တစ်ခုအတွင်း သေဆုံးသူ အရေအတွက်ဟာ ၂၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။