Connect with us

Hi, what are you looking for?

အတွေးအမြင်

ကမ္ဘာ့နိုင်ငံရေးရဲ့ နောက်ကွယ်က ပထဝီအနေအထား “Geopolitics”

စစ်ပွဲတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ကုန်ဈေးနှုန်း အတက်အကျတွေနဲ့ ဒုက္ခသည်ပြဿနာ တွေဟာ အကြောင်းမဲ့ မဟုတ်သလို နိုင်ငံတစ်နိုင်ငံ တိုးတက်လာခဲ့တာ ဒါမှမဟုတ် နောက်ကျကျန်ခဲ့ရတာတွေဟာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။

-ခါကာဘို ရေးသားသည်။

စစ်ပွဲတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ကုန်ဈေးနှုန်း အတက်အကျတွေနဲ့ ဒုက္ခသည်ပြဿနာ တွေဟာ အကြောင်းမဲ့ မဟုတ်သလို နိုင်ငံတစ်နိုင်ငံ တိုးတက်လာခဲ့တာ ဒါမှမဟုတ် နောက်ကျကျန်ခဲ့ရတာတွေဟာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။

အဲဒီဖြစ်ရပ်တွေအားလုံးရဲ့ နောက်ကွယ်မှာ နိုင်ငံတစ်နိုင်ငံရဲ့ ကမ္ဘာ့မြေပုံပေါ်က တည်နေရာ၊ သဘာဝ သယံဇာတ၊ ရေကြောင်းလမ်းမကြီးတွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားလုပွဲတွေ ရှိနေ တတ်ပါတယ်။

ဒီလို ကမ္ဘာ့မြေပုံပေါ်က အခင်းအကျင်းတွေနဲ့ နိုင်ငံတကာရေးရာတို့ရဲ့ ဆက်စပ်ပုံကို လေ့လာတဲ့ ပညာရပ်ကို “ပထဝီနိုင်ငံရေး (Geopolitics)’ လို့ ခေါ်ပါတယ်။”

Public Service Announcement

Public Service Announcement

ပထဝီနိုင်ငံရေးကို မြန်မာလို အလွယ်တကူ နားလည်အောင် ပြောရရင် “နိုင်ငံတစ်နိုင်ငံရဲ့ ပထဝီဝင် အနေအထားက နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးကို ဘယ်လို သက်ရောက်သလဲ” ဆိုတာကို လေ့လာတဲ့ အယူအဆ ဖြစ်ပါတယ်။ “Geo” ဆိုတာ ကမ္ဘာမြေ၊ မြေပြင်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တည်နေရာကို ရည်ညွှန်းတာ ဖြစ်ပြီး၊ “Politics” က နိုင်ငံရေးကို ဆိုလိုပါတယ်။ ဒါပေမယ့် ပထဝီနိုင်ငံရေးဟာ မြေပုံကို ကြည့်ရုံနဲ့ ပြီးသွားတဲ့ ဘာသာရပ်တော့ မဟုတ်ပါဘူး။

ဘယ်နိုင်ငံက ဘယ်ပင်လယ်ကိုထိန်းချုပ်ထားသလဲ၊ ဘယ်နိုင်ငံမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရှားပါးသတ္တုတွေ ရှိသလဲ၊ဘယ်နေရာက ကုန်သွယ်ရေး လမ်းကြောင်းအတွက်အရေးပါတာလဲ၊အဲဒီအချက်တွေက ကမ္ဘာ့နိုင်ငံရေးကို ဘယ်လိုပြောင်းလဲစေသလဲ ဆိုတာကို ရှင်းပြပေးတဲ့ “ကမ္ဘာ့နိုင်ငံရေးရဲ့ မြေပုံ” လို့တောင် ပြောလို့ရပါတယ်။

ဒီနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အဓိကသတင်းကြီးတော်တော်များများအတွက် ပထဝီနိုင်ငံရေးကို မသိဘဲ နားလည်ဖို့ ခက်ပါတယ်။ ဥပမာ ရုရှားက ယူကရိန်းကို ဘာကြောင့် ကျူးကျော်ခဲ့တာလဲ။ အမေရိကန်နဲ့ တရုတ် ဘာကြောင့် နည်းပညာ၊ ကုန်သွယ်ရေး၊ စစ်ရေးအရ အပြိုင်အဆိုင် ဖြစ်နေတာလဲ။ တောင်တရုတ်ပင်လယ်ကို ဘာကြောင့် နိုင်ငံအများအပြား အငြင်းပွားနေတာလဲ။

အဲဒီမေးခွန်းတွေရဲ့ အဖြေဟာ အယူဝါဒတစ်ခုတည်း မဟုတ်ဘဲ ပထဝီဝင် အနေအထား၊ စွမ်းအင်လမ်းကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းနဲ့ အမျိုးသားအကျိုးစီးပွားတို့ ပေါင်းစပ်ထားတဲ့ပထဝီနိုင်ငံရေးထဲမှာရှိနေပါတယ်။

ကမ္ဘာ့မြေပုံပေါ်မှာ ယူကရိန်းဟာ ဥရောပနဲ့ ရုရှားကြားမှာ တည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ယူကရိန်းဟာ ရုရှားပြီးရင် ဥရောပမှာ အကျယ်အဝန်းအကြီးဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပြီး၊ ပင်လယ်နက် (Black Sea) ကို ထိစပ်ထားသလို ဥရောပသမဂ္ဂ (EU) နဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း နီးကပ်စွာ တည်ရှိပါတယ်။

ဒါကြောင့် ယူကရိန်းရဲ့ တည်နေရာဟာ ဥရောပဘက်အတွက် အရှေ့ဘက်နဲ့ ချိတ်ဆက်ပေးတဲ့ မဟာဗျူဟာမြောက် တံခါးပေါက်တစ်ခုဖြစ်သလို၊ ရုရှားအတွက်လည်း လုံခြုံရေး၊ စစ်ရေးနဲ့ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံ လာခဲ့ပါတယ်။ ဒီတည်နေရာ ကြောင့်ပဲ နှစ်ဖက်စလုံးအတွက် မဟာဗျူဟာအရ အရေးပါ လာခဲ့ပါတယ်။

အလားတူပဲတောင်တရုတ်ပင်လယ်ဟာလည်း ကမ္ဘာ့ ရေကြောင်းကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ထရီလျံပေါင်း များစွာတန်ဖိုးရှိ ကုန်စည်များ ဖြတ်သန်းသွားလာတဲ့ ကမ္ဘာ့ အရေးပါဆုံး ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါကြောင့်တရုတ်၊အမေရိကန်အပါအဝင် အင်အားကြီး နိုင်ငံတွေက ဒီဒေသအပေါ် သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းနေကြသလို၊ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်မှုအခွင့်အရေးကို အပြိုင်အဆိုင် တောင်းဆိုနေကြပါတယ်။

ပထဝီနိုင်ငံရေးဟာ အင်အားကြီးနိုင်ငံတွေအတွက်သာ မဟုတ်ပါဘူး။ နိုင်ငံငယ်တွေကိုလည်း တိုက်ရိုက် သက်ရောက်ပါတယ်။

ဥပမာ စင်ကာပူဟာ သဘာဝသယံဇာတ များများစားစား မရှိပေမယ့် မလက္ကာ ရေလက်ကြားအနီး မဟာဗျူဟာကျတဲ့ နေရာမှာ တည်

ရှိတာကြောင့် ကမ္ဘာ့အရေးပါတဲ့ ဆိပ်ကမ်းနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ဗဟိုအဖြစ် တိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။

ကာတာကတော့ သဘာဝဓာတ်ငွေ့အရင်းအမြစ် ကြွယ်ဝမှုနဲ့ နိုင်ငံရဲ့ တည်နေရာကို အကျိုးရှိရှိ အသုံးချ နိုင်ခဲ့တာကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ သြဇာကြီးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ဥရောပနဲ့ အာရှကို ချိတ်ဆက်ပေးတဲ့ အရေးပါတဲ့လေကြောင်းသွားလာရေး လမ်းကြောင်းရဲ့ အလယ်ဗဟိုမှာ တည်ရှိနေတဲ့ ကာတာဟာ နိုင်ငံတကာ ခရီးသည်တွေရဲ့ အဓိက ကြားခံခရီးစဉ် (International Transit Hub) တစ်ခုဖြစ်လာသလို၊ လေကြောင်းလိုင်းတွေအတွက်လည်း လေယာဉ်ဆီ ဖြည့်ပြီး တစ်ထောက်နားရာ အချက်အချာနိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကတော့ ပထဝီနိုင်ငံရေးရဲ့ အရေးပါမှုကို ပိုပြီး မြင်နိုင်ပါတယ်။မြန်မာဟာတရုတ်၊အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး အိန္ဒိယ သမုဒ္ဒရာကိုလည်း ထွက်ပေါက်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

တရုတ်အတွက်တော့ မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက် ထွက်နိုင်တဲ့ ဒီလမ်းကြောင်းဟာအရှေ့တောင်အာရှ တစ်ဝန်းကို ပတ်ပြီး မလက္ကာရေလက်ကြားကနေ ဖြတ်သန်း ရတဲ့ ရှည်လျားတဲ့ ရေကြောင်းခရီးကို ရှောင်နိုင်တာကြောင့် အချိန်ရော ကုန်ကျစရိတ်ကိုပါ လျှော့ချနိုင်ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်အရေးလို ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပွားပြီး မလက္ကာရေလက်ကြားဒါမှမဟုတ် အရှေ့ဘက်ရေကြောင်းလမ်းတွေမှာ အနှောင့်အယှက်တွေ ပေါ်ပေါက် လာခဲ့ရင်လည်း စွမ်းအင်နဲ့ ကုန်စည်တွေကို သယ်ယူပို့ဆောင်ရာမှာ အသုံးပြုနိုင်တဲ့ မဟာဗျူဟာမြောက် အရန်လမ်းကြောင်း တစ်ခုအဖြစ် အရေးပါ လာနိုင်ပါတယ်။

အိန္ဒိယအတွက်ကတော့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းကစစ်တွေဆိပ်ကမ်းကို အသုံးချရမဲ့ကုလားတန်စီမံကိန်းဟာ ကုန်းတွင်းပိတ်နီးပါးဖြစ်နေတဲ့ အိန္ဒိယရဲ့ အရှေ့မြောက် ဒေသတွေကို ပင်လယ်လမ်းကြောင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးပြီး၊ ဒေသတွင်း ကုန်သွယ်ရေးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာစေပါတယ်။

ဒါကြောင့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အိန္ဒိယရဲ့ ဆက်သွယ်ရေး စီမံကိန်းတွေ၊ ဂျပန်နဲ့ အနောက်နိုင်ငံ တွေရဲ့ စိတ်ဝင်စားမှုတွေဟာ မြန်မာနိုင်ငံရဲ့ ပထဝီဝင် အနေအထားနဲ့ တိုက်ရိုက် ဆက်စပ် နေပါတယ်။

ဒါပေမယ့် ပထဝီဝင်အနေအထားက ကောင်းသော အခွင့်အလမ်းဖြစ်သလိုအန္တရာယ်ကို ဖြစ်စေတဲ့စိန်ခေါ်မှုတွေလည်းဖြစ်နိုင်ပါတယ်။ အင်အားကြီးနိုင်ငံတွေ အပြိုင်အဆိုင် အကျိုးစီးပွား ရှာတဲ့ နေရာ ဖြစ်လာရင် နိုင်ငံငယ်တွေဟာ ဖိအားအမျိုးမျိုးကို ရင်ဆိုင်ရ တတ်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု၊ ပြည်တွင်း ပဋိပက္ခနဲ့ တာဝန်ခံမှုနည်းပါးတဲ့ အုပ်ချုပ်မှုစနစ်တွေ ရှိနေတဲ့အခါ အဲဒီဖိအားတွေကို ပိုမိုခံစားရနိုင်ပါတယ်။

ပထဝီနိုင်ငံရေးကို နားလည်ခြင်းက နိုင်ငံရေးသမားတွေ၊ သံတမန်တွေ၊ အတွက်သာ မဟုတ်တော့ ပါဘူး။ ဒီနေ့ခေတ် သတင်းဖတ်သူလူတဦးချင်းစီတိုင်း အတွက်လည်း လိုအပ်လာပါတယ်။

ဘာကြောင့် စစ်တွေဖြစ်နေရသလဲ၊ ရေနံဈေး ဘာကြောင့် တက်သလဲ၊ ဒေါ်လာဈေး ဘာကြောင့် မငြိမ်သလဲ၊ ဘာကြောင့် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်သလဲ၊ ဘာကြောင့် လူတွေ နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေကြသလဲ ဆိုတဲ့ မေးခွန်းတွေကို နားလည်ဖို့ ပထဝီနိုင်ငံရေးက အခြေခံ သော့ချက်တစ်ခုဖြစ်နေပါတယ်။

အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် နီကိုလတ်စ်စကိုင်းမင်း (Nicholas Spykman) က “နိုင်ငံတစ်ခုရဲ့နိုင်ငံခြားရေးမူဝါဒမှာပထဝီဝင်အနေအထားက အရေးအကြီးဆုံးပဲ။ ဘာလို့လဲဆိုတော့ တခြားအရာတွေ ဘယ်လိုပဲပြောင်းပြောင်း မြေပြင် အနေအထား ကတော့ ဘယ်တော့မှ မပြောင်းလဲဘဲ မြဲနေလို့ ဖြစ်တယ်။” လို့ ဆိုခဲ့ဖူးပါတယ်။ ဒီစကားဟာ ဒီနေ့ ကမ္ဘာ့အခြေအနေမှာလည်း ဆက်လက် မှန်ကန် နေဆဲပါ။

အတိုချုပ်ပြောရရင်ပထဝီနိုင်ငံရေး (Geopolitics) ဆိုတာ မြေပုံပေါ်က တည်နေရာက နိုင်ငံတွေနဲ့ လူတွေရဲ့ အနာဂတ်ကို ဘယ်လိုပုံဖော်နေသလဲ ဆိုတာကို မြင်စေတဲ့ “မှန်ဘီလူး” တစ်ခုဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ပိုမိုရှုပ်ထွေးလာတာနဲ့အမျှ၊ သတင်းဖြစ်ရပ် တွေကို အပေါ်ယံသာမက နောက်ကွယ်က အကြောင်းရင်းတွေအထိ နားလည် နိုင်အောင် ပထဝီနိုင်ငံရေးကို နားလည်ထားဖို့က ယခင်ကထက် ပိုမို အရေးကြီးလာနေပါတယ်။

ဆက်စပ်သတင်းများ