Connect with us

Hi, what are you looking for?

အတွေးအမြင်

တိုင်းပြည်ကမျှော်သတဲ့လား

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်ညက ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ဇာတ်မင်းသားသိန်းဇော်ရဲ့သဘင်ရွှေရတုပွဲ ပြုလုပ်ခဲ့ပါတယ်။ သိန်းဇော်နဲ့ ခေတ်ပြိုင်တွေဖြစ်တဲ့ ချမ်းသာ၊ နန်းဝင်း၊ မိုးဝင်းတို့နဲ့အတူ အောင်ဇဗ္မူတို့လည်း ပါဝင်ပါတယ်။

-ထွန်းညိုဦး​ရေးသားသည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်ညက ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ဇာတ်မင်းသားသိန်းဇော်ရဲ့သဘင်ရွှေရတုပွဲ ပြုလုပ်ခဲ့ပါတယ်။ သိန်းဇော်နဲ့ ခေတ်ပြိုင်တွေဖြစ်တဲ့ ချမ်းသာ၊ နန်းဝင်း၊ မိုးဝင်းတို့နဲ့အတူ အောင်ဇဗ္မူတို့လည်း ပါဝင်ပါတယ်။

စစ်တပ်က အာဏာသာ မသိမ်းခဲ့ဘူးဆိုရင် ဒီလိုပွဲမျိုးဟာ ပရိသတ်တွေ သိပ်ကို သဘောကျကြမယ့် ပွဲတော်မျိုးပါ။ အထူးသဖြင့် အထက်အညာ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က မြို့ထောင့်စေတီပွဲဆိုတာ ဇာတ်ကြီး ၃ ဇာတ်ထက်မနည်း အပြိုင်ကပြကြတဲ့ပွဲတော်ကြီးပါ။ ပွဲခင်းကြီးကိုက မြို့ထောင့်စေတီပတ်ချာလည် စည်မှစည်။ ရွာတွေ ရွာတွေက တက်လာကြတဲ့ ပွဲကြည့်ပရိသတ်ဆိုတာ လူပင်လယ်ကြီးကို ဖြစ်လို့ပါ။

Public Service Announcement

Public Service Announcement

မကွေးတိုင်း၊ ပခုက္ကူက သီဟိုဠ်ရှင်ဘုရားပွဲလည်း ထို့နည်းလည်းကောင်း။ တောင်သူတွေဆိုတာ ပွဲတော်ကြီးရောက်မှ ငွေကို ရေလိုသုံးပြီး ဝယ်ကြခြမ်းကြ၊ ဇာတ်ပွဲဆိုလည်း တစ်ပတ်လုံး အိမ်တံခါးပိတ်ပြီး လာကြည့်ကြတာပါ။ ပခုက္ကူတင်မက အဝေး​က မြစ်ခြေ၊ ကမ္မဘက်ကအစ ပေါက်နယ်အထိ တက်လာလေ့ရှိတာ။ ဇာတ်ပွဲ ကြည့်ချင်ကြတာကိုး။

မန္တလေး၊ စစ်ကိုင်း၊ မကွေး အထက်အညာက ပွဲတော်တွေတော်တော်များများကလည်း ဇာတ်သဘင်ဖျော်ဖြေပွဲမပါတဲ့ ဘုရားပွဲက အတော်ရှားပါတယ်။ ကိုကြီးကျော်ပွဲတစ်ပွဲပဲ ဇာတ်ထည့်လို့မရတဲ့ အစဥ်အလာရှိတာပါ။

ဇာတ်သဘင်အဖွဲ့လာပြီဆိုလည်း ရွာတွေက ထမင်းဟင်းကအစ ချက်ပြုတ်ကျွေးဖို့ ဝန်မလေးတဲ့ရွာတွေရှိတယ်။ ကိုယ်သာ တစ်လုပ်တစ်ဆုပ် စားရပေသိ ဇာတ်မင်းသားကို ဆုတော်ငွေချဖို့ ပြင်ကြသူတွေရှိတယ်။ ရွာထွက်ချည်ထည်၊ ရွာစိုက်သီးနှံ လက်ဆောင်ထည့်ပေးကြတာကတော့ ပြောမနေပါနဲ့တော့။

အပေါ်က စကားပြန်ဆက်ရရင် ဇာတ်မင်းသား နန်းဝင်းက သိန်းဇော်ရဲ့ပွဲနဲ့ပတ်သက်ပြီး အင်တာဗျူးဖြေပါတယ်။ သူဖြေတဲ့အထဲ ဘာပြောသွားလဲဆိုတော့ ကိုဗစ်နောက်ပိုင်း ပြည်သူတွေစိတ်လည်းပန်းလူလည်းနွမ်းနေတဲ့အချိန် ဇာတ်မင်းသားအောင်ဇမ္ဗူပေါ်လာတယ်။ ဇာတ်သဘင်ပြန်လည်မြင့်တက်လာတယ်ပေါ့။

နောက်ပြီး “တိုင်းပြည်မှာ ပွဲလမ်းသဘင်နဲ့ သာယာနေတာ ဘယ်လောက်ကောင်းလဲ။တို့တိုင်းပြည်ကြီးသာယာနေတော့။ လေးလေးကြီးတို့ ဇာတ်သဘင်အနုပညာသမားဆိုတာ လက်ဆုပ်ပြည့်မှ လက်ကြားယိုရတာ။ တိုင်းပြည်သာယာ​ဝပြောမှ တို့က က လို့ရတာ။ တိုင်းပြည်သာယာဝပြောနေတယ်ဆိုတော့ အေးချမ်းမှုအသွင်ဆောင်လာတာ ပိုမကောင်းဘူးလား။ မင်္ဂလာတစ်ပါးပဲလေ။ အဲဒါကို ပျက်လိုရာပျက်စီးကြောင်း မလုပ်အောင် လေးလေးတို့ တက်နိုင်သလောက်ဝင်တားပေါ့နော်။ အကုန်လုံးကို မျှတသော သင့်တင့်သောအရာလေးတစ်ခု ဖြစ်အောင် လေးလေးတို့ ဝိုင်းကူညီတယ်။”တဲ့။

တကယ်ပဲ တိုင်းပြည်က သာယာဝပြောနေတယ်ထင်ပါသလား။ ရွှေဘိုတို့၊ ပခုက္ကူတို့မှာ ဘာတွေဖြစ်နေကြသလဲဆိုတာ ဇာတ်မင်းသားမသိမမြင်ခဲ့တာလား။

ဇာတ်မင်းသား ပြောသွားတဲ့စကားထဲ “တိုင်းပြည်သာယာဝပြောမှ တို့က ကလို့ရတာ”တဲ့။ အာဏာသိမ်းစစ်တပ်ထိန်းစစ်တပ်ချုပ်ထားတဲ့ မြို့တွေလောက်ပဲ ကခွင့်ရနေတာကို တိုင်းပြည်သာယာဝပြောတယ်ထင်နေကြသူတွေပါ။

မြန်မာပြည်မှာလက်ရှိ ဖိုးချစ်၊ အောင်ဇမ္ဗူ၊ စမ်းရေမိုး၊ စွမ်းဇာနည်တို့ စွမ်းသုံးစွမ်းအဖွဲ့၊ သူရဝင်းထွဋ် အဲဒီဇာတ်ကြီး ၅ ဇာတ်ပဲ ရှိပါတယ်။ အောင်ဇမ္ဗူနဲ့ စမ်းရေမိုးတို့သာ ဆိုရှယ်မီဒီယာကြောင့် စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ကြီးတချို့မှာသာ ကပြခွင့်ရနေတာပါ။

ဒါဟာလည်း ကိုဗစ်ကနေ ငါးနှစ်လောက်ကာလအတွင်း ပွဲလမ်းသဘင်တွေ လုံးဝဆိတ်သုဥ်းသွားတော့ ပြန်ပေါ်လာတဲ့အချိန်၊ ပွဲငတ်လွန်းလို့ ဒီလူတွေနေရာရလာကြတာပါ။ အနုပညာရှင်တွေဟာ ပရိသတ်ကို အလေးထားတဲ့အကြောင်း ပါးစပ်က ပူပေါင်းထအောင် ပြောတတ်ကြပါတယ်။ တချိန်က အနုပညာရှင်တွေကို သည်းသည်းလှုပ် အားပေးခဲ့ဖူးတဲ့ ပရိသတ်တွေ နေအိမ်တွေ မီးရှိူ့ခံရ၊ လေကြောင်းတိုက်ခိုက်ခံရ၊ ပြေးကြလွှားကြရတဲ့အချိန် စစ်တပ်ရဲ့မတရားမှုတွေကို ဖုံးဖိ၊ တိုင်းပြည်သာယာနေပါတယ်ဆိုတဲ့ပုံရိပ်ကို တည်ဆောက်ပေးနေတာ အလွန်ပဲ ပျော်ကြပါရဲ့လား။

ဇာတ်မင်းသားသိန်းဇော်ဆိုရင် မြိုင်မြို့နယ်ကပါ။ ပခုက္ကူမှာ ကျောင်းတက်ခဲ့တာပါ။ သူ့ဇာတိ မြိုင်နယ်ဆိုရင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ညက်ညက်ကိုကြေလို့ပါ။ ပြီးခဲ့တဲ့လကပဲ မြစ်ခြေမှာ အာဏာသိမ်းစစ်တပ်က ပြည်သူလေးဆယ်ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်မုဒိမ်းကျင့်သွားတာ တစ်လမပြည့်သေးပါဘူး။

မိမိကိုမွေးထုတ်ပေးခဲ့တဲ့၊မိမိအနုပညာကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဇာတိမြေမှာ သွေးမခြောက်သေးချိန် ပြည်သူတွေရဲ့ သောကတွေကိုမျက်ကွယ်ပြုပြီး “တိုင်းပြည် သာယာဝပြောနေပါတယ်” ဆိုတဲ့ ပုံရိပ်တုကြီးအောက်မှာ ကပြဖျော်ဖြေနေကြတာဟာ တကယ်ပဲ ရင်ထဲက ပျော်ရက်ကြပါသလား။ ပြည်သူ့အနုပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ရော ထိုက်တန်ရဲ့လားဆိုတာ သမိုင်းနဲ့ ပြည်သူကပဲ စောင့်ကြည့်မှတ်တမ်းတင်သွားမှာပါ။

တကယ်တော့ တိုင်းပြည်မှာ ပွဲလမ်းသဘင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်အခြေအနေကို အမြင်ချင်ဆုံးက စစ်ဘေးသင့်ဒေသက ပြည်သူတွေပါ။ “ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်”ဆိုတဲ့ သီချင်းထဲကလိုပဲ တိုင်းပြည်က ပြည်သူလူထုတွေ တကယ်မျှော်နေကြတာပါ။ အခုလို မတရားအာဏာသိမ်းထားပြီး ရက်စက်ကြမ်းကြုတ်မှုတွေ နေ့စဥ်ပြုလုပ်နေတဲ့ကာလတော့ ဘယ်ဟုတ်မလဲ။ မိုးလေကင်းသောတနေ့မှာပေါ့။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်အဆက်ဆက်အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ်ဟာ မှော်ဘီမြို့ စန္ဒကူးမြိုင်ရိပ်သာဘုန်းတော်ကြီးကျောင်းမှာ ဘုန်းကြီးဝတ်နေစဉ် အသတ်ခံလိုက်ရပါတယ်။

သတင်း

စစ်အာဏာရှင် ဗိုလ်နေဝင်းအမိန့်နဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ခံယူချက်အတိုင်း ရပ်တည်ကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းလူငယ်အဖွဲ့နဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ ကျရောက်တဲ့ ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။