ဇူလိုင်-၁၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီကနေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်လေယာဉ်တစ်စီးဟာ ဇူလိုင်လ ၁၃ရက် မွန်းလွဲ ၂ နာရီ ၁၀မိနစ်ခန့်မှာ ကျောက်မဲမြို့ပေါ်ကို နိမ့်နိမ့်လေး ဖြတ်ပျံသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။
” မထိတ်သာ မလန့်သာကြီးနော်။ လေယာဉ်သံကို ကြောက်ပါတယ်ဆိုမှ တမင်သက်သက် အင်အားပြသလိုလုပ်သွားတာ။ဘာတွေဖြစ်လာအုံးမလဲ မသိတော့ ကျီးလန့်စာစားဖြစ်နေကြတယ်”လို့၎င်းက ပြောပါတယ်။

Public Service Announcement
ကျောက်မဲမြို့ဟာ တရုတ်နယ်စပ်ကုန်သည်လမ်းပေါ်မှာတည်ရှိပါတယ်။ ၂၀၂၃နှစ်အောက်တိုဘာလ၂၇ရက်နေ့ကစတင်ခဲ့တဲ့ ၁၀၂၇ စစ် ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စစ်တပ်ကပြန်လည်ထိန်းချုပ်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။
ကျောက်မဲမြို့နဲ့ဆက်စပ်နေတဲ့ သီပေါမြို့ကိုလည်း စစ်တပ်က မြို့ပေါ်ကို ထိန်းချုပ်ထားပြီး သီပေါနဲ့ လားရှိုးမြို့ကြားကျေးရွာတွေကို တော့ကိုးကန့်တပ် MNDAAက ထိန်းချုပ်ထားပါတယ်။
” ရှမ်းမြောက်မှာ စစ်တပ်က ဟတ်စကီးနဲ့ Y-12တွေ မကြာခဏပျံပေမယ့် ဒီနေ့လိုလုပ်တာကတော့ ပုံမှန်မဟုတ်ဘူး။ အခြေအနေက စောင့်ကြည့်နေရပြီ”လို့ သီပေါမြို့ခံတစ်ဦးကပြောပါတယ်။
မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။ စစ်ကောင်စီတပ်က နောင်ချို၊သီပေါနဲ့ လားရှိုးမြို့ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး လားရှိုးမြို့ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကို MNDAA၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။
တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးလုပ်ပြီး ဘဏ္ဍာငွေရယူချင်နေတဲ့စစ်တပ်ကမန္တလေး- မူဆယ်ကုန်သွယ်ရေးလမ်းကို အမြန်ဆုံးပြန်ဖွင့်ချင်နေပါတယ်။ စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် မဖွင့်နိုင်ဖြစ်နေတာပါ။နယ်စပ်ကုန်သွယ်ရေးဟာအစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ ဘယ်ကြားခံ အဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဇူလိုင် ၉ ရက်က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကပြောခဲ့ပါတယ်။
သူပြောပြီး နာရီပိုင်းအကြာဇူလိုင်လ ၉ရက် ညနေ ၄နာရီ၅၀မိနစ်ခန့်မှာတော့ လားရှိုး မြို့ပေါ်ကို ရှော့တိုက်ဒုန်းသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။အမျိုးသမီးတစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့ပါတယ်။လားရှိုးမြို့ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်း ရှမ်းမြောက်က မြို့တွေမှာ စစ်ရေးအခြေအနေထူးလာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာပြီး မြို့ခံတွေက စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းနေကြပါတယ်။
ဒီလိုအခြေအနေမှာ ဇူလိုင်၁၃ ရက်မွန်းလွဲပိုင်းမှာကျောက်မဲမြို့ကို စစ်တပ်က တိုက်လေယာဉ်အနိမ့်ပျံပြီး စစ်ကောင်စီက ခြိမ်းခြောက်ခဲ့တာကြောင့်ဒေသခံတွေကြားစိုးရိမ်မှုတွေ ပိုမိုမြင့်တက်နေပါတယ်။


















































