ဇူလိုင် ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာရှင်အဆက်ဆက်ခေါင်းဆောင်တွေဟာ ကျေးဇူးတရားကိုကန့်ကွက်စော်ကားရုံတင်မကဘဲနဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ်နဲ့သမိုင်းမော်ကွန်းတွေကိုပါ ဖျောက်ဖျက်ပစ်ဖို့ အစဉ်တစိုက်ကြိုးစားခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၁၉ရက် မနက်မှာ ကျင်းပတဲ့ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဦးအောင်ကြည်ညွန့်က အာဏာသိမ်းစစ်တပ်က လတ်တလော နိုင်ငံတဝန်းက ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ ဖျက်ဆီးနေမှု အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။
“ဖက်ဆစ်စစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးများရဲ့ ရုပ်တုတွေကို ညအမှောင်မှာ မီးအမှောင်ချပြီး မီးဖျက်ပြီးတော့ လိုက်လံဖျက်ဆီး ဖြိုချနေကြတာကို စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ တွေ့နေရပါတယ်။ တကယ်တော့ ဒီလုပ်ရပ်ဟာ သူတို့တွေ ကိုယ်တိုင်က ငါတို့ဟာ အစိုးရ တရပ်မဟုတ်တဲ့ အကြမ်းဖက်အဖွဲ့ ဖြစ်ကြောင်း သက်သေထင်ရှားပြသနေတာလည်းဖြစ်ပါတယ်” လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

Public Service Announcement
သမိုင်းအမှန်ကို ကြောက်ရွံ့နေတဲ့ စစ်အာဏာရှင်တွေဟာ ရုပ်၀တ္ထုပစ္စည်းဖြစ်တဲ့ ကြေးရုပ်ထုတွေကို ဖျက်ဆီးပစ်နိုင်ကောင်း ဖျက်ဆီးပစ်နိုင်မှာ ဖြစ်ပေမဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ကိမ်းအောင်းနေတဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ် ခေါင်းဆောင်ကြီးတွေရဲ့ အမျိုးသားရေးအသိနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ စိတ်ဓာတ်တွေကို ဘယ်တော့မှ ဖျက်ဆီးလို့ရမှာ မဟုတ်ဘူးလို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
တိုင်းပြည်နဲ့ လူမျိုးကို နှစ်ပေါင်းများစွာ ဖိနှိပ်အမြတ်ထုတ်နေကြတဲ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ လူမဆန်တဲ့ အမျိုးသားရေးစိတ်ဓာတ်မရှိတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်နိုင်မယ် လို့ ဉာဏ်ရည်နည်းစွာ ယူဆနေကြောင်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ တိုင်းရင်းသားပြည်သူတရပ်လုံးအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုင်းပြည်အနာဂတ်ဖျက်ဆီးမှုတွေဟာ အထောက်အထားခိုင်မာစွာ မှတ်တမ်းတင်ထားပြီး ရှိနေရုံသာ မက ပြည်သူလူထုရဲ့ ရင်ထဲမှာလည်း အစဉ်ထာ၀ရ စွဲစွဲ မြဲမြဲရှိနေမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“ ဒီလို ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကနေ အပြစ်မရှိသဖွယ်ရှောင်လွှဲသွားလို့ မရဘူးဆိုတာလည်း စစ်အာဏာရှင်တွေကိုသတိပေးချင်ပါတယ်။” လို့ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်လည်း မိန့်ခွန်းပြောကြားခဲ့ရာ စစ်တပ်ဟာ အမျိုးသားရေးသွင်ပြင်လက္ခဏာတခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေဖျက်ဆီးနေမှု ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လူထုမြင်ကွင်းက ပျောက်ကွယ်အောင် လုပ်ဆောင်ထားမှု တွေအကြောင်းကို ထည့်သွင်း ပြောကြားပါတယ်။ပြည်သူလူထု မြင်ကွင်းကနေ ပျောက်ကွယ်သွားအောင် ဖျောက်ဖျက်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအပေါ် အလွန်စိုးရိမ်ကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားပါတယ်။
“အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့လည်း ပြောကြားလိုပါတယ်။ပြည်သူလူထုရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ရှိနေပြီးသားဖြစ်တဲ့ ခေါင်းဆောင်များရဲ့ ရုပ်ပုံလွှာများကိုသာ ဖျောက်ဖျက်ဖုံးကွယ် လို့ရကောင်းရနိုင်ပေမဲ့ ၎င်းတို့ရဲ့ သမိုင်းတန်ဖိုးကိုတော့ ဘယ်လို အင်အားမျိုးနဲ့မှ ဖုံးကွယ်ဖျောက်ဖျက်လို့ မရနိုင်ပါဘူး” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို အောက်မေ့ပြီး ဗိုလ်ချုပ်လမ်းညွှန်ချက်တွေအတိုင်းလုပ်ဆောင်ဖို့ ၊ အာဏာသိမ်း စစ်တပ်က မတရားဖမ်းဆီးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
CRPHနဲ့ NUGတို့ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီကနေ့ အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း တက်ရောက်ခဲ့ပါတယ်။


















































