ဇူလိုင်-၂၂၊၂၀၂၆။သတိုး/People’s Spring
ပေါက်ကွဲမှုပုဒ်မနဲ့ ထောင်ဒဏ် ၇နှစ်ကျခံနေရတဲ့ MMA ဖိုက်တာဖိုးသော်ကို လွတ်ရက်စေ့ခါနီးမှာ စစ်တပ်က မတရားပုဒ်မတပ်ပြီး စစ်ဆေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
” ပုံမှန်ဆို စက်တင်ဘာမှာလွတ်မှာ။ ဒါပေမယ့် အောင်လအန်ဆန်းအနားယူတာကို congratulations စာပို့အပြီးမှာ ပုဒ်မ ၅၁(ဂ)နဲ့ တရားထပ်ဆွဲတယ်။” လို့ ပြောပါတယ်။
ဖိုးသော်ကို စစ်တပ်ရဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) နဲ့ ဗဟန်းရဲစခန်းမှာ အမှုဖွင့်ထားပြီး ကမာရွတ်မြို့နယ် တရားရုံးမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Public Service Announcement
“အောင်လအန်ဆန်းကို စာပို့တာလဲ အကစ တရားဝင်စာကနေပို့တာ” အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။
“လွတ်ရက်စေ့လို့ လွှတ်ရမှာကို ထောင်ဗူးဝမှာ တခြားပုဒ်မတခုနဲ့ထပ်ဖမ်းတာမျိုးကို စစ်အုပ်စုလုပ်နေကျဖြစ်တယ် ၊ဒါဟာစိတ်ပိုင်ဆိုင်ရာကိုပါ ရိုက်ချိုးလိုက်တာဖြစ်တယ် ၊မလုပ်သင့်တာအကုန်လုပ်နေကြတာပဲ ” လို့ ပြည်သူတစ်ဦးက စစ်တပ်ရဲ့လုပ်ရပ်အပေါ် မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ မေလက Utopia Tower ကGym မှာပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့်ဖိုးသော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်က လက်လုပ်မိုင်းစမ်းသပ်နေစဉ် ပေါက်ကွဲတာလို့ ခေါင်းစဉ်တပ်ကာ မတရားဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စစ်တပ်က အဲဒီ့ Gym မှာ လက်နက်တွေတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာတွေရရှိထားတဲ့ ဖိုးသော်ကို ပေါက်ကွဲမှု ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာပါ။
” ဘာမဟုတ်တဲ့ဖိုက်တာတစ်ယောက်ကိုတောင်ခေတ်မှီလက်နက်တွေကိုင်ထားတဲ့ကောင်တွေကကြောင်ချီးပမ်းနေတယ်ဆိုတာလူသိရှင်ကြားအသိပေးလိုက်တာပါကွာ” လို့ ပြည်သူတစ်ဦးကလည်း မှတ်ချက်ပြုထားပါတယ်။


















































