Connect with us

Hi, what are you looking for?

သတင်း

ရဲကုန်း အနီး တိုက်ပွဲ စစ်တပ်အထိနာပြန်

ခမရ (၅၈၅)စစ်​ကြောင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများ၊စစ်သား ၆ဦးအလင်းဝင်

လက်နက်ချအလင်းဝင်တဲ့စစ်သား ၆ ဦး ။ဓါတ်ပုံ-​ပေးပို့

ဇူလိုင်-၂၆၊၂၀၂၆။ကိုဒီး/People’s Spring

စစ်တပ်ရဲ့ အမှတ် (၅၅၆)ခြေမြန်တပ်ရင်း(ခမရ၅၅၆)စစ်ကြောင်းတစ်ခုလုံးပြုတ်သွားတဲ့ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနောက်ဘက်နားက ရဲကုန်းနေရာမှာ ပဲအမှတ် (၅၈၅)ခြေမြန်တပ်ရင်း (ခမရ၅၈၅) စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူး သေဆုံးကာ စစ်သား၆ ဦးက တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ပါတယ်။

ဇူလိုင် ၂၄ရက် နေ့လည် ၁၂နာရီ ကျော်က လေးကေ့ကော်မြို့သစ်အနောက်ဘက်နားက ရဲကုန်းနေရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ ခမရ(၅၈၅)တပ်ရင်းက စစ်ကြောင်းမှူး ဗိုလ်မှူး အပါအဝင် သေဆုံးမှု များခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။ဒါအပြင် အဲဒီစစ်​ကြောင်းကစစ်သား၆ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ထွက်ပြေး အညံ့ခံခဲ့တာ ဖြစ်ပါတယ်။

“အဲမှာ ကြည့်လိုက်ပေါ့။ ဒီဘက်ကလူမိရင် ဘယ်လိုလုပ်လဲ။သူတို့လူ ဒီဘက်က ဖမ်းမိရင် ဘယ်လိုထားလဲဆိုတာ။ ဗိုလ်ဒါဘောက စစ်သုံ့ပန်းဥပဒေကို အမြဲအလေးထားတယ်။ သူ့ဆီရောက်လာရင် ကောင်းကောင်းမွန်မွန်ထားပေးတာ”လို့ ကရင်စစ်ရေးသတင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရဲကုန်းနေရာမှာ ဇူလိုင် ၁၆ ရက်က တိုက်ပွဲမှာလည်း စကခ (၁၃)လက်​အောက်ခံ ခမရ(၅၅၆)တပ်ရင်းဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာဒုတပ်ရင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ ခမရ(၅၅၆)တပ်ရင်းက စစ်မှုထမ်းစစ်သားသစ်၄ ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ကို စစ်ကူတိုက်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦး၊ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့က တပ်သားတွေလည်း သေဆုံးတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၇ ရက် ညနေပိုင်းလောက်ကစတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသ တစ်​ကျော့ပြန်တိုက်ပွဲဟာ စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူတွေများပြီးအထိနာနေပါတယ်။

ဇူလိုင်ဒုတိယပါတ်မှာတော်လှန်ရေးတပ်ဖွဲ့တွေက ရဲကုန်းနေရာကနေ ဆုတ်ခွာပေးလိုက်တဲ့အခါ စစ်တပ်စစ်ကြောင်းက နေရာဝင်ယူ တပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ရဲကုန်းနေရာဟာ စစ်ရေးအတွက် အရေးမပါတဲ့နေရာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေက လှည့်စားပြီး ဆုတ်ခွာပေးလိုက်တဲ့အပေါ် စစ်တပ်ထောက်ခံသူတွေက ရဲကုန်းနေရာကို သိမ်းရပြီဆိုပြီး အောင်ပွဲခံခဲ့ကြပါသေးတယ်။

ဇူလိုင် ၁၆ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်တွေက ရဲကုန်ကိုအင်အားဖြည့်ဖို့လာတဲ့စစ်​ကြောင်း​တွေကို ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူးနဲ့ မင်းလက်ပံဒေသကို လေးရက်နဲ့သိမ်းပိုက်မယ်ဆိုပြီးအင်အား ၂၀၀၀ ကျော်နဲ့ တက်လာတဲ့ စစ်တပ်ဟာတော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် အထိနာခဲ့တာဖြစ်ပါတယ်။

ဖလူးနဲ့ မင်းလက်ပံကျေးရွာကို သိမ်းရရင်အုပ်ချုပ်ခွင့်ပေးမယ်လို့ စစ်တပ်က မက်လုံးပေးပြီး တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့ ကအင်အား ၁၀၀ ​ကျော် နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်ခွဲထွက်အဖွဲ့ကအင်အား ၂၀၀ ခန့်ကိုပါ စစ်ကူခေါ်ကာ ဇူလိုင် ၇ရက်မှာ တကျော့ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ DKBA ၊BGF ပူးပေါင်းအဖွဲ့ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့ အပြီးသိမ်းပိုက်ဖို့ ညွှန်ကြားချက်နဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရက် ၂၀ ကြာတဲ့အထိရှေ့မတိုးနိုင်သေးဘဲ အထိနာနေတာ ဖြစ်ပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲကို စစ်တပ်ရဲ့အမှတ်(၂)စစ်ဗျူဟာမှူး၊တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေးက ဦးစီးကွပ်ကဲနေတာလို့ စုံစမ်းသိရပါတယ်။ တိုက်ပွဲတွေအတွင်းစစ်တပ်ကအမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းထားပါတယ်။

စစ်တပ်င မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်ထိန်းချုပ်နိူင်ဖို့၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။