ဇူလိုင်-၂၇၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နောက်ပြန်လက်ထိပ်ခတ်ပြီးတော့၊ ခြေထောက်တွေကို ချည်နှောင်ကာ အဓမ္မပြု ကျင့်၊ အလောင်းဖျောက်ခံခဲ့ရတဲ့အမှုအတွက် ဖမ်းဆီးထားတဲ့ သုံးယောက်လုံးက ဝန်ခံထားပြီး ဥပဒေရုံးရဲ့ ဥပဒေအကြံပြုချက်နဲ့အညီ အမြန်ဆုံးရုံးတင်သွားမယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူအမျိုးသမီးငယ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ အသက်နှစ်ဆယ်ကျော်အရွယ် မနှင်းနှင်းဝေဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့အလောင်းကို ဇူလိုင်လ ၂၂ ရက်နေ့မှ ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။

သူမကို ပုဏ္ဏားကျွန်းမြို့နယ်၊ဆင်အင်းကြီးရွာသား အသက် ၃၇ နှစ်နှစ်အရွယ် တင်ဝင်းက ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ မုဒိမ်းကျင့်ဖို့ ကြိုတင်ကြံရွယ်ကာ လူမှုရေးကိစ္စတခုအတွက် အကူအညီလိုတယ် လို့ လိမ်ညာခေါ်ယူခဲ့တာလို့ အာရက္ခတော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်) ကထုတ်ပြန်ထားပါတယ်။

Public Service Announcement
တင်ဝင်းဟာ ဇေယျမဏ္ဍိုင်ဘုန်းကြီးကျောင်းနားကနေ ဘေးတွဲဆိုင်ကယ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူနဲ့အတူ ကြံခင်းကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့ အေးကျော်(ခ)မောင်ပု(၂၉နှစ်)နဲ့ သန်းစိုး(ခ)င/လုံး(၂၁နှစ်) တို့နှစ်ဦးလည်း အတူပါသွားခဲ့တယ်လို့ ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တင်ဝင်းက မနှင်းနှင်းဝေကို ခေါ်ယူလာပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာနား သရက်တောခြံဝင်းအတွင်း မြောင်ထဲအရောက်မှာ ကြိုတင်ကြံစည်၊ ဝှက်ထားခဲ့တဲ့ လက်ထိပ် နဲ့ လက်ထိပ်ခတ်ကာ၊ မျက်လုံးတွေကိုလည်း အဝတ်နဲ့ စည်းဖို့ အတူပါလာတဲ့ အေးကျော်နဲ့ သန်းစိုးတို့ကို ခိုင်းစေခဲ့ပါတယ်။
ယင်းနောက် အေးကျော်နဲ့ သန်းစိုးတို့ကို မြောင်ကနေ အပြင်ထွက်ပြီး ကားလမ်းမဘေးမှာ စောင့်ခိုင်းပါတယ်။ အဲ့ဒီနောက် မနှင်းနှင်းဝေကို ကာမအလိုဆန္ဒဖြည့်ပေးဖို့ ခြိမ်းခြောက်ရာ မလိုက်လျောလို့ဆိုကာ ကျောက်ခဲနဲ့ ထုသတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် တင်ဝင်းက မြောင်ထဲမှာ ဆယ်မိနစ်ခန့်ကြာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဓမ္မပြုကျင့်ပြီးချိန် မနှင်းနှင်းဝေမှာ အသက်မရှိတော့တာကြောင့် အလောင်းကို အခြားလူတွေမမြင်စေဖို့ ရေအိုင်ထဲ ဆွဲချဝှက်ထားခဲ့ကာ လမ်းဘေးမှာအဆင်သင့်စောင့်နေတဲ့ အေးကျော်၊ သန်းစိုးတို့နဲ့အတူ ပြန်လာခဲ့ကြတယ်လို့ သူတို့ သုံး ဦးစလုံးက ထွက်ဆိုထားကြောင်း ဆိုပါတယ်။
ဒီလစ်ထုတ်ပြန်ချက်မှာ အဓမ္မပြုကျင့်၊ သတ်ဖြတ်တာကို တင်ဝင်းတယောက်တည်း ကျူးလွန်ခဲ့တာလား၊ အခြားနှစ်ယောက်ရောပါသေးလားဆိုတဲ့အချက်နဲ့ပက်သက်လို့ ရှင်းရှင်းလင်းလင်းမရေးထားသလို တင်ဝင်း ဟာ ရဲတပ်ဖွဲ့တွေသာ အသုံးပြုတဲ့ လက်ထိပ်ကို ဘယ်ကရခဲ့တယ်ဆိုတာနဲ့ပက်သက်လို့လည်း ဖော်ပြမထားပါဘူး။
“တရားခံပေါ်ပြီဆိုတော့ စိတ်တော့အေးရပြီ။ ဒါပေမယ့် ဒီကောင်က ပါတီရုံးကလူတွေနဲ့ ရင်းနှီးတယ်လို့ သိရတယ်။ အဲဒါတွေက ထုတ်ပြန်ချက်ထဲမှာမပါဘူး။ ဒီထက်ပိုပြီး ပွင့်လင်းမှုရှိစေချင်တယ်။ တရားခံကိုလည်း အပြင်းထန်ဆုံး အပြစ်ပေးစေချင်တယ်၊ အမှုပျောက်သွားမှာ ကြောက်ရတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
တင်ဝင်း၊ သန်းစိုးနဲ့ အေးကျော်တို့သုံးဦးကို မနှင်းနှင်းဝေအလောင်းရှာတွေ့ပြီး တရက်အကြာ ပြီး ခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ကနဦးအနေနဲ့ လူသတ်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှု ဖွင့်ထားယ်လို့ ရဲက ဆိုပါတယ်။လက်ရှိမှာတော့ ပြည်စုံခိုင်မာစွာ အမှုတည်ဆောက်ပြီး ဥပဒေအကြံပြုချက်နဲ့အညီ အမြန်ဆုံးတရားစွဲတင်သွားမယ်လို့ ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လူသတ်မှုနဲ့ မုဒိန်းမှုတပြိုင်တည်း ကျူးလွန်တာဖြစ်တယ်၊ ကြိုတင်ကြံစည်ထားတာလည်း ဖြစ်တယ်ဆိုတော့ ဒါဟာ သေဒဏ်ထိ ပေးလို့ရတဲ့ပြစ်မှုဖြစ်တယ်။ တရားသူကြီးအပေါ် မှာပဲ မူတည်တယ်” လို့ ရခိုင်ဒေသခံ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
မုဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်တယ်လို့ ဝန်ခံထားတဲ့ တင်ဝင်းဟာ မနှင်းနှင်းဝေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်း က ရင်းနှီးခဲ့ကြတာဖြစ်ပြီး သူဟာ အမဲသားရောင်းတဲ့သူတဦးဖြစ်တယ်လို့ ရဲထုတ်ပြန်ချက်အရ သိရပါတယ်။
မနှင်းနှင်းဝေကို ဆံပင်ခေါင်းတုံး၊ အောက်ပိုင်းအဝတ်ဗလာနဲ့ လက်နှစ်ဖက်ကို နောက်ပြန် လက်ထိပ်ခတ်၊ ခြေ ထောက်နှစ်ချောင်းကို ဆိုင်ကယ်တာယာ(ကြိုး)နဲ့ချည်ပြီး ရင်သားအပါအဝင် ခန္ဓာကိုယ်အနှံမှာလည်း ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက် တွေ့ခဲ့ရတာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးငယ်ဟာ သူငယ်ချင်းတွေနဲ့အတူ ယိုးတရုတ်မြောင်(ရေတံခွန်)ဆီ သွားဖို့ ပြင်ဆင်နေချိန် တင်ဝင်းက ခေါ်သွားခဲ့တာပါ။
အဲဒီအမှုကိစ္စနဲ့ပတ်သက်ပြီးပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး၊ အာရက္ခအမျိုးသမီးများအသံ စတဲ့အဖွဲ့အစည်းတွေကလည်း ထုတ်ပြန်ချက်ထုတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ တောင်းဆိုထားကြပါတယ်။
ဒီလို တရားလက်လွတ်လူမဆန်စွာ မုဒိမ်းကျင့်သတ်ဖြတ်မှုဟာ ရခိုင်အမျိုးသမီးထုကို အပြင်းအထန်ဆုံးသော စိတ် ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုဖြစ်စေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း မထီမဲ့မြင်ပြုတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်အရေးယူပေးဖို့လိုတယ်လို့ အာရက္ခ အမျိုးသမီးများအသံက ထုတ်ပြန်တောင်းဆိုထားပါတယ်။
အလားတူ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးကလည်း လူသတ်မုဒိမ်းကျင့်အလောင်းဖျောက်တရားခံကို ဥပဒေနဲ့အညီ အမြန်ဆုံး ပြင်းထန်စွာ အပြစ်ပေးအရေးယူဖို့နဲ့ နောက်လူတွေ မလုပ်ရဲလောက်အောင်အပြစ်မျိုးပေးဖို့ ပုဏ္ဏားကျွန်း လူငယ်ထုကိုယ်စား တောင်းဆိုကြောင်း သဘောထားထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်နဲ့ချီ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတို့ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံး ထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာ နတာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။


















































