ဇူလိုင်-၂၉၊၂၀၂၆။ ဟာနာဆန်/People’s Spring
အာရှတိုက်ရဲ့ စာကြည့်တိုက်ပညာရပ်ပယ်မှာ ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ မြန်မာနိုင်ငံက ထင်ရှားတဲ့ စာကြည့်တိုက်ပညာရှင် ဆရာကြီးဦးသော်ကောင်းကွယ်လွန်သွားပါတယ်။
မြန်မာနိုင်ငံ စာကြည့်တိုက်နဲ့ စာပေလောကအတွက်အစဉ်တစိုက်အကျိုးပြုခဲ့ပြီး စာကြည့်တိုက်ပညာရှင်တွေ၊ စာဖတ်သူတွေအတွက် အဖိုးတန်တဲ့ အမွေအနှစ်တွေ ချန်ရစ်ပေးခဲ့တဲ့ (အသက် ၈၉ နှစ်အရွယ်) ဆရာကြီး ဦးသော်ကောင်းဟာ ဒီကနေ့ ဇူလိုင် ၂၉ ရက် ဝါဆိုလပြည့်နေ့ မနက် ၅ နာရီ ၂၇ မိနစ်က ကွယ်လွန်သွားကြောင်း မြန်မာစာကြည့်တိုက်အသင်း (Myanmar Library Association – MLA)က ထုတ်ပြန်ပါတယ်။
ဆရာကြီးရဲ့ စာကြည့်တိုက်ပညာ၊ စာပေနဲ့ ပညာရေးနယ်ပယ်အပေါ် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုတွေ၊မျိုးဆက်သစ်တွေကို ပညာမျှဝေ လမ်းညွှန်ပေးခဲ့မှုတွေဟာ မြန်မာနိုင်ငံရဲ့ စာကြည့်တိုက်နဲ့ စာပေလောကမှာ မမေ့နိုင်တဲ့ အမွေအနှစ်တွေအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း MLAက အသိပေးပါတယ်။

Public Service Announcement
ဦးသော်ကောင်းကို စည်သူဦးကောင်း၊ အမိဒေါ်သိန်းတို့က ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၇ မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဆရာကြီး၏ဖခင်ဟာ လွတ်လပ်ရေး ကာလက အင်္ဂလန်နိုင်ငံ ပညာတော်သင်တွေအတွက် အကြံပေးအရာရှိ၊ အင်္ဂလန် နိုင်ငံရှိ မြန်မာသံရုံးပညာရေးသံမှူးတာဝန်တွေကို တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ ခုနှစ်မှာ မြန်မာနိုင်ငံတော် ငွေကြေး ဘုတ်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရကာ ငွေစက္ကူတွေပေါ်မှာ “မောင်ကောင်း”ဆိုတဲ့လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။
၁၉၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး (အင်္ဂလိပ်စာ) ဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့လို့ ဦးဘိုးနှစ် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ဝိဇ္ဇာဂုဏ်ထူးဘွဲ့မရမီ ၁၉၅၇ ခုနှစ် အသက် ၁၉ နှစ်အရွယ်က စတင်လျက် ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန၊ စာကြည့်တိုက်တွင် အချိန်ပိုင်းအလုပ်လုပ် ခဲ့ပါတယ်။
အသက် ၂၁ နှစ်ကျော် ၁၉၅၉ ခုနှစ် မတ်လမှာ ဝိဇ္ဇာဂုဏ်ထူးတန်း စာမေးပွဲဖြေဆိုခဲ့ပြီး အဲဒီနှစ် ဧပြီလ ၁ ရက်မှာ ဆရာဇော်ဂျီလက်အောက်ရှိ လူမှုရေး သိပ္ပံစာကြည့်တိုက် (ယခု ရန်ကုန်စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်)မှာ အလုပ်စတင် ဝင်ရောက်ခဲ့ပါတယ်။
ဆရာ ဦးသော်ကောင်းဟာဆရာကြီး ဦးသိန်းဟန် (ဆရာ ဇော်ဂျီ)ရဲ့စာပေအမွေအနှစ်နဲ့ စာကြည့်တိုက်အတတ်ပညာရပ်တွေကို ဆက်ခံခဲ့ပါတယ်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဟာ ဦးသော်ကောင်း လက်ထက်မှာ ပိုမို ပီပြင်လာပြီး မြန်မာနိုင်ငံရဲ့ အားအထားရဆုံး စာကြည့်တိုက်ဖြစ်လာတဲ့အပြင် မြန်မာပြည်အကြောင်းလေ့လာလိုသူတွေအတွက်နိုင်ငံတကာကပါအားကိုးရာဖြစ်လာခဲ့ပါတယ်။
ဆရာဦးသော်ကောင်းဟာ ၁၉၆၂ ခုနှစ်မှာ လန်ဒန်တက္ကသိုလ်ကနေ စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့ပါတယ်။ အဲဒီနောက် AALIA (Associate of the Australian Library and Information Association)ဘွဲ့၊ အင်္ဂလန် နိုင်ငံရဲ့ အမြင့်ဆုံးဘွဲ့ FLA (Fellow of the Library Association) တို့ကိုလည်း ရရှိခဲ့ပါတယ်။
၁၉၇၁ ခုနှစ်မှာ စာကြည့်တိုက်ပညာဌာန (Department of Library Science)ကို တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းအပတ်စဉ် (၁) ကစပြီး စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ ကို ပေးအပ်နိုင်ခဲ့ပါတယ်။
၁၉၈၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းကဂုဏ်ထူးဆောင်အဖွဲ့ဝင် [Hon. Follow of the Library Association (FLA)] အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်မှာသြစတြေးလျနိုင်ငံ၊အနောက်ဆစ်ဒနီ တက္ကသိုလ်ကဂုဏ်ထူးဆောင်စာပေ
ပါရဂူဘွဲ့ [Doctor of Letters (Honori- scausa)]ကိုချီးမြှင့်ခြင်းခံရလို့ ဒေါက်တာသော်ကောင်းလို့ မော်ကွန်းထိုး ခေါ်ဆိုခြင်းခံရသူ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဂျပန် နိုင်ငံ ဖုကုအိုက အာရှဓလေ့ဆုရွေးချယ် ရေးကော်မတီက ဖုကုအိုက ပညာရှင်ဆု [ Fukuoka Asian Culture Prize (Acad-emis Laureate)] ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့က“ဒေါက်တာသော်ကောင်းသည်အာရှတိုက်တွင်စာကြည့်တိုက်ပညာရပ်နယ်ပယ်၌ ဦးဆောင်ဦးရွက်ပြုသူတစ်ဦး ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ရှေးရိုးရာ မှတ်တမ်းမှတ်ရာများကို ထိန်းသိမ်းရာ တွင် အထူးတလည် တာဝန်ကျေပွန်ခဲ့သူ ဖြစ်သည်”လို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။
ဆရာကြီးဟာ မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ်ပုဂ္ဂလိကစာပေဆုများတီထွင်ချီးမြှင့်တဲ့အခါမှာလည်းပါဝင်ကူညီဆောင်ရွက်ခဲ့ပါတယ်။
ဦးသော်ကောင်းဟာစာကြည့်တိုက်မှူးဘဝနဲ့ မြန်မာနိုင်ငံအပြင် ဗြိတိန်၊ ဂျပန်နဲ့ စင်ကာပူတို့ရှိ စာကြည့်တိုက်ကြီးအချို့မှာ ကျောင်းသားတွေ၊ ပညာရှင်တွေ၊ သုတေသီတွေနဲ့ အခြား စာရှာသူတွေကို အကူအညီပေးခဲ့ပြီး ကိုယ်တိုင်လည်းသုတေသနစာတမ်းများစွာ ရေးသားဖတ်ကြားခဲ့ပါတယ်။အငြိမ်းစားယူပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်း ရှိ သုတေသီတွေ၊ ကျောင်းသားတွေ လေ့လာကိုးကားနိုင်စေဖို့ ရှေးဟောင်း ပေစာ၊ ပုရပိုက်စာတွေကို ထိန်းသိမ်း စုဆောင်းလျက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခြင်း၊ မြန်မာသမိုင်းနဲ့ မြန်မာ စာပေဆိုင်ရာ စာတမ်းနဲ့ စာအုပ် စုစုပေါင်း ၁၈ဝ ကျော်တို့ကို ရေးသား ထုတ်ဝေခဲ့ပြီး ယင်းတို့အနက် အများစု မှာ တစ်ကမ္ဘာလုံး လေ့လာဖတ်ရှုနိုင်ဖို့အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ဝေ ခဲ့တာဖြစ်ပါတယ်။
















































