ဇူလိုင်-၂၉၊၂၀၂၆။သုည၊ရောင်နီ/People’s Spring
ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လှိုင်သာယာ၊ မရမ်းကုန်း၊ လှိုင် ၊အင်းစိန်စတဲ့ မြို့နယ်တွေမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပြီး တိုက်ခန်းအောက်ဆုံးထပ် အိမ်တွေ နဲ့ စတိုးဆိုင် အတွင်းပိုင်းထိ ရေဝင်မှုတွေ ဖြစ်ပွားကာ ဆိုင်အချို့ ယာယီပိတ်ထားရကြောင်း မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“မိုးကညထဲကရွာတာဆိုပေမယ့်မနက်အစောပိုင်းမှာ ပိုသည်းလာတယ်။ညထဲကလည်း မိုးကမတိတ်တော့မနက်ထပ်ရွာတဲ့အရှိန်နဲ့ လမ်းတစ်ခုလုံးရေတွေ ဖြစ်ကုန်တာပါ။တိုက်ခန်းတွေရဲ့ မြေညီထပ်တွေမှာလည်းရေတွေဝင်ကုန်တယ်။အောက်ထပ်ကစတိုးဆိုင်ဆို ရေခဲသေတ္တာတွေပါ ရေတွေ ဝင်ကုန်တော့ ဆိုင်တွေပိတ်ထားရတယ်။ ပစ္စည်းတွေ တော်တော်များများလည်း ရေတွေ စိုပြီး ပျက်ဆီးကုန်တာ တွေ့ခဲ့ပါတယ်” လို့အထက်ပါဒေသခံကပြောပါတယ်။

Public Service Announcement
ဒါ့အပြင်တိုက်ခန်းအောက်ခြေမှာရပ်ထားတဲ့ ကားအချို့အတွင်းပိုင်းရေဝင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်ကြောင်းလည်း လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
မရမ်းကုန်းမြို့နယ်သမိုင်းလမ်းဆုံရှိလမ်းမပေါ်မှာလည်း ရေကြီးမှုကြောင့် ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်နေကြောင်း ရန်ကုန်မြို့ရှိ အဌားယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။
“သမိုင်းလမ်းဆုံမှာ ရေကတော်တော်များတယ်။ ကားအသေးတွေ သွားလို့မရတော့ဘူး။ လိုင်းကားကြီးတွေနဲ့ အောက်ပိုင်းမြင့်တဲ့ ကားတွေပဲ သွားလို့ရတယ်။ ကျွန်တော်တို့ အဌားကားတွေတောင် မဖြတ်ရဲတော့ဘူး။ ရေက လူတစ်ယောက် ဒူးလောက်ထိ နစ်မယ် ထင်တယ်။ ဒီတခေါက် ရေကြီးတာ တော်တော်ဆိုးတယ်”လို့အဌားယာဉ်မောင်းတဦးကပြောပါတယ်။
အလားတူ အင်းစိန်မြို့နယ်မှာလည်းဇူလိုင် ၂၈ ရက်ကစပြီး မိုးဆက်တိုက်ရွာနေတာကြောင့် နေအိမ်တွေထဲအထိ ရေတွေဝင်ပြီး ကုတင်တွေပါမြှုပ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အင်းစိန် ဟိုက်ပက်မှာ အနိမ့်ပိုင်းတွေအကုန် ရေမြှုပ်ကုန်တာ။ ကားတွေပါမြှုပ်တာ။ လမ်းတွေပေါ်မှာ မနက် ၃ နာရီလောက်က လေးပေလောက်အထိရှိတာ။ အခုမနက်တော့ တော်တော်လေးကျသွားပြီ” လို့ပြောပါတယ်။
ရန်ကုန်မှာ ဇူလိုင် ၂၈ ရက် ညအစောပိုင်းကတည်းက မိုးရွာခဲ့တာဖြစ်ပြီး နံနက် ၅ နာရီလောက်အထိ ဆက်တိုက်ရွာတာလို့ ဒေသခံတွေကပြောပါတယ်။
ရေကြီး၊ ရေလျှံမှုရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ မြွေအန္တရာယ်ကို သတိထားသင့်ကြောင်းနဲ့ လိုအပ်ပါက အကူအညီတောင်းဆိုနိုင်ကြောင်းလည်း ပရဟိတအဖွဲ့ဝင်က လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ စည်ပင်သာယာကကောင်းမွန်စွာ အလုပ်မလုပ်တဲ့အတွက် မြောင်းရေလျှံမှု၊ ရေကြီး၊ ရေလျှံမှုတွေ မကြာခဏဆိုသလို ဖြစ်နေကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့ကပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ အိန္ဒိယကမ်းရိုးတန်းအနီးက မုန်တိုင်းငယ် (Depression)ဟာ ပိုမိုအားကောင်းလာပြီး အားကောင်းတဲ့မုန်တိုင်းငယ် (Deep Depression) အဖြစ် အိန္ဒိယကမ်းခြေအချို့နဲ့အနောက်ဘင်္ဂလားကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ဘင်္ဂလားပင်လယ်အော်မှာတိမ်ထူထပ်နိုင်ကာ မြန်မာ့ကမ်းရိုးတန်းဒေသတွေ နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ အနောက်တောင်မုတ်သုံလေဟာအားကောင်းရာမှ အားအလွန်ကောင်းနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ရဲ့မိုးလေဝသခန့်မှန်းချက်မှာခန့်မှန်းထားပါတယ်။
အားကောင်းတဲ့မုန်တိုင်းငယ်အရှိန် နဲ့အနောက်တောင်မုတ်သုံလေ အားကောင်းတာကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီးပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုငပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ ဇူလိုင်လကုန်နဲ့သြဂုတ်လဆန်းမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ NUG ကခန့်မှန်းထားပါတယ် ။
ဒါကြောင့် လာမယ်(၃)ရက်အတွင်း အထက်ပါဒေသတွေမှာလေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ နေရာကွက်မိုးကြီးတာကြောင့် နောက်ဆက်တွဲမြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ ကမ်းပါးပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တာမို့သတိပြု နေထိုင်သင့်ကြဖို့လည်းတိုက်တွန်းထားပါတယ် ။ဒါ့အပြင်ကမ်းနီးကမ်းဝေးရေလုပ်ငန်းတွေအနေနဲ့ ခေတ္တရပ်နားထားသင့်တယ်လို့အကြံပြုထားပါတယ်။
ဇူလိုင်၂၉ ရက်မှ ဩဂုတ် ၃ ရက်အထိ မုတ်သုံလေအားကောင်းနေတာကြောင့် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးဇလကလည်း ထုတ်ပြန်ထားပါတယ်။
















































