ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။
အသက် ၂၂ နှစ်အရွယ် ဒိုင်ယာနာ နာဇီမိုဗာနဲ့ မောင်ဖြစ်သူ ၁၇ နှစ်အရွယ် ရိုမန် နာဇီမိုဗာတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ချွန်ဘူရီမှာရှိတဲ့ ဘန်လာမွန် ခရိုင်ထဲက ဟွိုင်ယိုင် ဧရိယာမှာ ပျောက်ဆုံးသွားတဲ့နောက် ရဲတွေက အပူတပြင်း ဖြန့်ကျက် ရှာဖွေခဲ့ပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့ဟာ လူပျောက်မှုတွေအတွက် အဓိက သံသယရှိသူတွေလို့ ယူဆထားပြီး ပြစ်မှု မှတ်တမ်းဟောင်းရှိသူ အသက် ၄၃ နှစ်အရွယ် သာနာ ကတ်သောင်နဲ့ အသက် ၃၉ နှစ်အရွယ် သောင်ချိုင် ဆရီနေလ်တို့ နှစ်ဦးကို တရုတ်နှင်းသီး စိုက်ခင်းတစ်ခုထဲမှာ ပုန်းအောင်းနေတာကို ရှာတွေ့ခဲ့ပါတယ်။
သူတို့နှစ်ဦးက ရုရှားမောင်နှမကို ဆိုင်ကယ်လုဖို့ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး အလောင်းတွေကို မြေမြှုပ် ဖျောက်ဖျက်ခဲ့ကြောင်း ပြောပါတယ်။ ရဲတွေက ချွန်ဘူရီမှာရှိတဲ့ ခေါင်ချီချန်နားမှာ အလောင်းတွေကို မြေမြှုပ်ထားတယ်ဆိုတဲ့ နေရာကို သွားရောက် စစ်ဆေးတဲ့ အခါမှာတော့ နောက်ထပ် မိသားစုဝင် ၃ ဦး (အဖေ၊ အမေနဲ့ ကလေးငယ်)တို့ရဲ့ အလောင်းတွေကိုပါ မနီးမဝေးမှာ တူးဖော် တွေ့ရှိခဲ့တာလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ထပ် စုံစမ်းစစ်ဆေးမှု အသစ်တွေလည်း စတင်နေပြီ ဖြစ်ပါတယ်။ ရုရှား မောင်နှမကို သတ်ဖြတ်မှုမှာ အဓိက ကျူးလွန်သူလို့ ယုံကြည်ရတဲ့ သာနာက ဇွန်လကုန်လောက်တုန်းက နောက်ထပ် မိသားစု တစ်ခုကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထားကြောင်း သိရပါတယ်။ ရဲတွေက အဲဒီလူသတ်မှုဟာ အကြွေးတောင်းတဲ့ ကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆထားပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။ အသတ်ခံရတဲ့ မိသားစု ပျောက်ဆုံးနေတဲ့ အကြောင်းကို ဇူလိုင်လ ပထမအပတ်မှာ ဆွေမျိုးသားချင်းတွေက ရဲတွေဆီ တိုင်ကြားထားခဲ့ပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ သာနာဟာ ရဲအရာရှိ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး အဲဒီ မိသားစုဆီ သွားရောက်ခဲ့ကြောင်း၊ ပြီးတော့ အားလုံးကို လက်ထိတ်ခတ်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ပြီးတော့ အလောင်းတွေကို မိကျောင်းမွေးမြူရေးကန် တစ်ခုရှိတဲ့နားက တောထဲမှာ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
သောင်ချိုင်ကတော့ သူဟာ သာနာရဲ့ ခြိမ်းခြောက်မှုကြောင့် ရုရှားမောင်နှမရဲ့ အလောင်းကို မြေမြှုပ် ဖျောက်ဖျက်ရာမှာ ပါဝင်ကူညီခဲ့ကြောင်း ဝန်ခံပေမယ့် လူသတ်မှုတွေနဲ့ မပတ်သက်ကြောင်း ထွက်ဆိုထားပါတယ်။ ပြီးတော့ မိသားစုဝင် ၃ ဦး အသတ်ခံရမှုမှာ သောင်ချိုင် ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားမျိုးတော့ မတွေ့ရသေးပါဘူး။
ထပ်မံဖော်ထုတ် တွေ့ရှိလာတဲ့ လူသတ်မှုကိစ္စမှာ သံသယ တရားခံရဲ့ ထွက်ဆိုချက် သက်သက်ကိုသာ ရသေးပြီး ရဲတွေက ဘာကိုမှ တိတိကျကျ အတည်မပြုသေးပါဘူး။ စုံထောက်တွေက အဲဒီ ထွက်ဆိုချက်ကို အလုံးစုံ မယုံကြည်ဘဲ သေမှုသေခင်း စစ်ဆေးချက် ရလဒ်တွေကို စောင့်ဆိုင်းနေပါတယ်။
တစ်ချိန်တည်းမှာပဲ အလောင်း ၅ ခု ရှာတွေ့ရာ ဧရိယာ တဝိုက်မှာ မှုခင်းပညာရှင်တွေက အသေးစိတ် တူးဆွ ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ကိုးကား: Pattaya News

















































