ဩဂုတ် ၆၊ ၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်း စစ်တပ်က ရက္ခိုင်ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်လျက်ရှိရာ မြောက်ဦးမြို့ကိုလည်း ဩဂုတ် ၄ရက်ညပိုင်းက လေယာဉ်အုပ်စုလိုက်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၄ရက် ည ၉နာရီခန့်က စစ်တပ်က တိုက်လေယာဉ် ၆စီး၊ Y12 လေယာဉ် ၂စီးနဲ့ အုပ်စုလိုက် ဗုံးလာကြဲခဲ့ရာ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲခဲ့တဲ့နေရာတွေက အရင် စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲခဲ့တဲ့ မြောက်ဦးမြို့ပေါ်က အမှတ် (၅၄၀)တပ်ရင်း ၊ (၃၁) ရဲတပ်ရင်းနဲ့ ၎င်းအနီးပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာ ဖြစ်ကာ ၁နာရီကျော်ကြာ ဗုံးကြဲခဲ့ကြတာလို့ ဆိုပါတယ်။

Public Service Announcement
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်၊ ရေဘေးရှောင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အနီးအနားမှ ပြည်သူတွေ ပိုင်ဆိုင်တဲ့ နွား ၃ကောင် သေဆုံးခဲ့ကြောင်း အသိပေးထားပါတယ်။
စစ်တပ်ဟာ ဩဂုတ်လဆန်းပိုင်းနဲ့ ဇူလိုင်လကုန်ပိုင်းတွေမှာလည်း ရက္ခိုင်ပြည်နယ် သံတွဲမြို့နယ်ကို လေကြောင်းက အကြိမ်ကြိမ်ဗုံးကြဲခဲ့ပါတယ်။
သံတွဲမြိုနယ်၊ ငပလီမြို၊ ဂျိတ္တော (၉) ရပ်ကွက်ကို စစ်တပ်က ဩဂုတ် ၃ရက်မနက်မှာ တိုက်လေယာဉ် ၃စီး၊ Y12 လေယာဉ် ၂စီးနဲ့ အုပ်စုလိုက် ဗုံးကြဲခဲ့ ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
အခြားသောရပ်ကွက်နေ အပြစ်မဲ့ပြည်သူများမှာ ဘေးလွတ်ရာသို အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ကြ၍ အသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှုမှာ နည်းခဲ့ရတာဖြစ်ပြီး နေအိမ်အဆောက်အအုံ ၂၀ ခန့် ပျက်စီးခဲ့ရကြောင်း အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင် ၃၁ရက် ညနေပိုင်းကလည်း သံတွဲမြိုနယ်၊ ရွှေလှေကျေးရွာကို တိုက်လေယာဉ် ၂စီးနဲ့ ဗုံး ၃လုံးကြဲချခဲ့ရာ ကလေးငယ် အပါအဝင် ၄ဦးသေဆုံးကာ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင် ၂၃ရက်ကလည်း သံတွဲမြိုနယ်၊ ငပလီမြို ဂျိတ္တောနဲ့ လင်းသာရပ်ကွက်များအတွင်းသို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဇူလိုင် ၂၄ရက်မှာလည်း သံတွဲမြိုပေါ်ရှိ လူနေရပ်ကွက်များအတွင်း ဗုံးကြဲခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ဦး အပါ၀အင် ၃ဦးသေဆုံးပြီး ကလေးငယ်အပါအင် ပြည်သူ ၂၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အများအပြားမှာလည်း ဗုံးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
AA က ထုတ်ပြန်တဲ့ စာရင်းတွေအရ ဇူလိုင် ၂၃ရက်ကနေ ဩဂုတ် ၄ရက်ညပိုင်းအထိ ၂ပတ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ဦး ထက်မနည်းသေဆုံးကာ ၂၉ဦး ထက်မနည်းဒဏ်ရာရခဲ့ပါတယ်။
မိုးတွင်းကာလဖြစ်ပေမဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကို သတိထားသွားလာနေထိုင်ကြဖို့ လိုအပ်ကြောင်းလည်း အာရက္ခဒေသအတွင်းနေ ပြည်သူတွေကို AA က ထပ်မံ တိုက်တွန်းထားပါတယ်။


















































