ဩဂုတ်-၉၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်က တိုင်းမ်စီးတီး အဆောက်အဦးမှာ အမျိုးသားတစ်ဦး ဒီနေ့မနက်မှာ Asthma Attack(ပန်းနာရင်ကြပ်ထဖောက်လို့ )ထိုင်နေလျက်သေဆုံးသွားတယ်လို့ သေဆုံးသူနဲ့ရင်းနှီးသူနဲ့မျက်မြင်တွေ့ရှိသူအချို့ကပြောပါတယ် ။
“ရုံးပေါ်က လေဆင်းရှုရင်း Asthma Attack ဖြစ်သွားတာပါ”လို့ သေဆုံးသူနဲ့ ရင်းနှီးသူတဦးကပြောပါတယ်။
ဒီနေ့(ဩဂုတ်၉) နံနက် ၈နာရီကျော်မှာ တိုင်းမ်စီးတီး Office 3 အဆောက်အအုံအရှေ့မှာ အမျိုးသားတစ်ဦး ထိုင်ရာက လဲကျသွားတာကို ဆက်သွယ်အကူအညီတောင်းတာကြောင့် သွားရောက်ခဲ့ချိန်မှာ သေဆုံးနေတာကိုတွေ့ရှိခဲ့တယ်လို့ အနာဂတ်အလင်းတန်းပရဟိတအသင်းက လည်းထုတ်ပြန်ပါတယ်။

Public Service Announcement
“လူနာအားဆန်းစစ်ကြည့်ရာသေဆုံးနေပြီဖြစ်သဖြင့် ရုပ်အလောင်းအား စနစ်တကျထုတ်ပိုး၍ အနာဂတ်အလင်းတန်းပရဟိတအသင်းမှလူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့အခမဲ့ပို့ဆောင်ကူညီပေးခဲ့ပါသည်။” လို့ ဓာတ်ပုံမှတ်တမ်းနဲ့အတူဖော်ပြထားပါတယ်။
ပရဟိတအသင်းကတင်ထားတဲ့ဓာတ်ပုံတွေမှာ သေဆုံးသူရဲ့ အနီးမှာ ပန်းနာရင်ကြပ်လူနာတွေအသုံးပြုတဲ့ ရှုဆေးဘူး(Inhaler) ကိုတွေ့ရပါတယ်။
Asthma Attack (ပန်းနာရင်ကြပ်ထဖောက်တယ်) ဆိုတာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းလာတာ ဒါမှမဟုတ် ကျဉ်းမြောင်းသွားတာကြောင့် အသက်ရှူရခက်လာတာ ၊မောတာ၊ချောင်းဆိုးတာ ၊အောက်စီဂျင်ကျတာစတဲ့ပန်းနာရင်ကြပ်ရောဂါရဲ့ လက္ခဏာတွေ ပိုဆိုးလာတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေက ရုတ်တရက် ဖြစ်လာနိုင်သလို တဖြည်းဖြည်းလည်း ပိုဆိုးလာနိုင်ပြီး၊ ပြင်းထန်ရင် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကုသရခက်တဲ့ ပန်းနာရင်ကြပ်ရောဂါရှိသူတွေမှာပိုဖြစ်နိုင်တယ်လို့ အမေရီကန်နိုင်ငံရှိ အမျိုးသား နှလုံး၊ အဆုတ်နှင့်သွေးဆိုင်ရာသုတေသနဌာန (National Heart, lung and blood institute)ရဲ့ တရားဝင်ဝက်ဆိုက် NIH မှာဖော်ပြထားပါတယ်။


















































