သြဂုတ် ၁၀၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းက ညောင်ပင်ဝန်းမှာ ရေကြီးနေလို့ ခရီးသွားယာဥ်ငယ်တွေ ဖြတ်သန်းလို့ မရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းက ညောင်ပင်ဝန်းရွာမှာ မနေ့ကတည်းက ရေတက်လာပြီး ဒီကနေ့ သြဂုတ် ၁၀ ရက် မနက်ပိုင်းမှာတော့ ရေပိုတက်ကာ ရေစီးကြမ်းနေတဲ့အတွက် ကားကြီးတွေသာ ဖြတ်သန်းနိုင်ပြီး အိမ်စီးကားသေးတွေနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းလို့ မရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ခါးလယ်လောက်ထိကိုမြုပ်နေပါတယ်။ ခရီးသည်တင်ကားလေးများ အိမ်စီးကားလေးများ ဘယ်လိုမှသွားလို့မရတော့တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ကားကြီးများကတော့ သွားလိုရတယ်လို့သိရပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ညောင်ပင်ဝန်းက ဒေါ်အေးမကွေ့ဟာ ရေတိုက်စားပြီး လမ်းပျက်နေတဲ့အတွက် ကားကြီးတွေဖြတ်သန်းတဲ့အခါ သတိထားဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ညောင်ပင်ဝန်းမှာ ရေကျော်လို့ ဖြတ်သန်းဖို့ ခက်လာလို့ မုံရွာ-မန္တလေးပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ်လိုင်းအချို့ ရပ်နားတာတွေ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ဆည်ရေနဲ့ မူးမြစ်ရေတွေကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြုပ်နေပြီး ပြည်သူ ၇ ဦးထက်မနည်း သေဆုံးကာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေပါတယ်။


















































