ဩဂုတ် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံရေးပြဿနာကြောင့် ပေါ်ပေါက်လာတာတွေ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ပြည်သူလက်မခံတာတွေပြန်သုံးသပ်ဖို့ လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့ပြီး ပြုပြင်စရာတွေအချိန်မနှောင်းမီ ပြုပြင်ဖို့ သတိပေးလိုက်ပါတယ်။
ဒီကနေ့ ဩဂုတ် ၁၀ရက်မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ အခမ်းအနားမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့မိန့်ခွန်းပြောကြားခဲ့ရာ စစ်ကောင်စီကို သတိပေးချက် အချက် ၆ချက်ကို ထည့်သွင်းပြောကြားခဲ့တာလို့ ကချင်သတင်းရင်းမြစ်တဦးကဘာသာပြန် ပြောပြပေးပါတယ်။
“ပထမအချက်ကတော့နိုင်ငံရေးပြဿနာကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းက မှန်တယ်လို့ ယူဆထားသော်လည်း အများပြည်သူလူထုက လက်မခံနိုင်တဲ့အရာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း ပြောကြားထားပါတယ်။အချက်သုံးအနေနဲ့တော့ ပြုပြင်ဖို့ လိုအပ်တဲ့ကိစ္စရပ်တွေကို အချိန်မနှောင်းခင်ပေါ့ အချိန်တွေနောက်မကျခင်မှာ ပြုပြင်ဖို့ ပြောကြားထားပါတယ်။ အချက် (၄)အနေနဲ့တော့ ပြည်သူကို ပစ်မှတ်ထားတာ အကာအကွယ်ယူတာတွေကို ရှောင်ရှားဖို့ ပြောကြားထားပါတယ်။

Public Service Announcement
အချက်(၅)မှာတော့ လူသားတိုင်းရဲ့ အသက်ကို တန်ဖိုးထားဖို့ရယ် နောက်ဆုံး ၆အချက်အနေဖြင့်တော့ စစ်မြေပြင်တိုက်ပွဲမှာ စစ်ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းထားတာရှိပါတယ်” လို့ ကချင်သတင်းရင်းမြစ်က KIO ဥက္ကဋ္ဌ မိန့်ခွန်းပါ အချက်တွေကိုပြောပြပါတယ်။
ဒါ့အပြင် အာဏာရှင်ပြုတ်ကျရေးအတွက်တော်လှန်ရေးလုပ်နေတဲ့တပ်ဖွဲ့တွေ၊ မိမိလူမျိုးရဲ့ ကံကြမ္မာကို မိမိဖန်တီးနိုင်ရေးအတွက် လက်နက်ကိုင်ပြီး အဖက်ဖက်က တိုက်ပွဲဝင်နေတဲ့သူတွေအားလုံး ဘုံတူညီတဲ့ ပန်းတိုင်ကို အားလုံးက လက်တွဲပြီးမှကြိုးပမ်းဖို့ အဲဒီလို လက်တွဲရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့နဲ့ပါ လက်တွဲပြီး အိမ်နီးချင်းတွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကပါ ထောက်ခံမှု ရလာအောင် အားလုံး လက်တွဲကြိုးပမ်းဖို့တိုက်တွန်းထားကြောင်း ကချင်သတင်းရင်းမြစ်က KIO ဥက္ကဋ္ဌမိန့်ခွန်းပါအကြောင်းအရာကို ရှင်းပြပါတယ်။
တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ အသက်ဆုံးရှုံးရမှုတွေအပေါ် စဉ်းစားရတိုင်း ကြေကွဲဝမ်းနည်းရကြောင်းလည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်သွားတဲ့ အာဇာနည်တွေကို ပြည်သူတွေက အောက်မေ့ သတိရ ဂုဏ်ပြုနေမယ်လို့ ယုံကြည်ကြောင်း လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
“တော်လှန်ရေးကာလ ကြာရှည်တာက တကြောင်း ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းချက်တချို့ရှိတာရယ် ပြီးတော့ မူးယစ်ဆေးဝါးကြောင့်ရယ် ပြီးတော့ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေရဲ့ စံသတ်မှတ်ချက် စည်းကမ်းတချို့ကြောင့် ကျနော်တို့ ကချင်လူဦးရေ မွေးဖွားနှုန်းနဲ့ လူဦးရေ လျော့ကျနေတာတွေကိုလည်း ဥက္ကဋ္ဌကြီးက ပြောာကားထားတာရှိပါတယ်။ နောက်တခုက အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်အောင် ပါဝင်ပတ်သက်တာ ထောက်ခံတာတွေရှောင်ရှားဖို့လည်း တိုက်တွန်းပြောကြားထားတာရှိပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
အခြား ကချင်သတင်းရင်းမြစ်တဦးကလည်း ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ မိန့်ခွန်းမှာ နိုင်ငံရေးအရ ဖြေရှင်းဖို့ ကိုယ်မှန်တယ်ထင်တာ ပြည်သူလက်မခံရင် ပြန်စဉ်းစားဖို့ ပြည်သူလူထုကို သတ်ဖြတ်တာ၊ လူသားဒိုင်း လုပ်တာ ရှောင်ဖို့၊ နိုင်ငံတကာ စစ်ဥပဒေကို လေးစားဖို့ လူ့အသက်ကို တန်ဖိုးထားဖို့ စတဲ့ အချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။
ပြည်သူ့စစ် များအား စစ်အာဏာရှင်လုပ်ဆောင်နေတဲ့မည်သည့်အရာတွင်မှမပါဝင်ဘဲ ပါဝင်လုပ် ဆောင်ခြင်းမှချက်ချင်းရပ်တန်းမှရပ်ရန် ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး ပါဝင်ပတ်သက်သူများတရားဉပဒေအရ အရေးယူခြင်းခံရမယ်လို့ သတိပေးထားတယ်လို့ဆိုပါတယ်။ အမှန်တရားဘက်ရပ်တည်ဖို့၊ ပြည်သူလူထုများရဲ့ ဘဝမျက်ရည်ကျိန်စာ မကျရောက်မီအချိန်မီပြုပြင်ဖို့ KIO ဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အာဇာနည်များအားဂုဏ်ပြုကြောင်း၊ အသက်ချွေး ပေးဆပ်ခဲ့သော မိသားစု ဝင်များ အား နားလည်စာနာဝမ်းနည်းကြောင်း KIOဥက္ကဋ္ဌက ဖော်ပြခဲ့သလို အာဏာရှင်စနစ် တော်လှန်ရေးခရီး အတိုတောင်းဆုံးနဲ့ အောင်မြင်မူရဖို့ ကြိုးစားပြင်ဆင်နေတာတွေကိုလည်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
KIOဟာစစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ စစ်တပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့တွေထဲက တဖွဲ့ဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် မဟာမိတ်တွေနဲ့ လက်တွဲပြီးကချင်ပြည်နယ်၊ ကချင်စစ်ကိုင်းအစပ်ဒေသတွေမှာ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ရည်ရွယ်ပြီး NUG၊ CRPH ၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းစတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် ဖြစ်ပါတယ်။


















































