ဩဂုတ်-၁၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ ရွှေမင်းဂံရေတပ်၊ ဒကစ(စစ်တွေ)အပါအဝင် တပ်ရင်း၊ စခန်းတွေ တိုက်ခိုက်ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကုလားတန်မြစ်နဲ့ ဆတ်ရိုးကျချောင်း ဆုံရာနေရာမှာ ရေတပ်စခန်းချဖို့ အဆောက်အ ဦးသစ်တွေ ဆောက်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကုလားတန်မြစ်ပြင်ကနေ စစ်တွေမြို့ထဲ စီးဆင်းနေတဲ့ဆတ်ရိုးကျချောင်းရဲအ၀မှာဩဂုတ်လဆန်းပိုင်းကစပြီး စစ်သင်္ဘောတွေချထားကာ အဆောက်အဦးသစ်တွေ ဆောက်လုပ်နေတာလို့ သိရပါတယ်။
“အရင်ကချောင်းထဲဝင်တဲ့စက်လှေတွေကို စစ်တဲ့ ဂိတ်နေရာမှာ ဆောက်နေတာ။ မြေလည်း ဖို့ထားတယ်။ ရေတပ် စခန်းကြီး ချဖို့လုပ်နေတာလို့ ပြောကြတယ်။ အဲဒီဆတ်ရိုးကျချောင်း၀မှာ နေဗီ(Navy)တွေလည်း နှစ်စီး၊ သုံးစီးအမြဲတမ်းရှိတယ်”လို့စစ်တွေမြို့ရွှေပြားရပ်ကွက်မှ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement
စစ်တွေမြို့မှာစစ်တပ်ရဲ့ပွိုင့်ကမ်းခြေရေတပ်စခန်း၊ရွှေမင်းဂံရေတပ်စခန်းတို့တည်ရှိပါတယ်။လက်ရှိမှာ စစ်တွေမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ရွှေမင်းဂံရေတပ်စခန်းဟာ အာရက္ခတပ်တော်(AA)ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရတာကြောင့် စစ်တွေမြို့ကို ကာဖို့ စခန်းသစ်ထပ်လုပ်နေတာဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။
“ရွှေမင်းဂံစခန်းကမြို့ပြင်မှာလေ၊အဲဒီစခန်းကျရင် ကျေးတောရွာပဲကျန်မယ်။ကျေးတောကျော်လာရင်တော့ ဆတ်ရိုးချချောင်းကူးပြီးရင်စစ်တွေမြို့ထဲရောက်ပြီလေ။အဲလိုဆိုတော့ ဒီဘက်မှာလည်း စခန်းသစ်ချပြီးတော့ ခံစစ်ကြိုလုပ်နေတဲ့သဘောပဲ”လို့စစ်ရေးနဲ့ နီးစပ်တဲ့ အခြားစစ်တွေဒေသခံတဦးက ပြောပါတယ်။
အခုစခန်းသစ်ချဖို့လုပ်နေတဲ့ ဆတ်ရိုးချောင်း၀ဟာ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရွှေမင်းဂံ ရေတပ်စခန်းနဲ့ နှစ်မိုင် ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။စစ်တပ်ဟာ ဆတ်ရိုးကျချောင်း၀မှာ ရေတပ်စခန်းချဖို့လုပ်နေသလို ကျေးတောဘက်ကနေ စစ်တွေမြို့ထဲ ဝင်လို့ရ တဲ့ဆတ်ရိုးကျတံတားပေါ်မှာလည်း ဘန်ကာတွေဆောက်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်
ဒါ့အပြင် စစ်တွေမြို့ရဲ့မြောက်ဘက်မှာရှိတဲ့ ဆတ်ရိုးကျ(ကယ်ဆယ်ရေး)တံတားနဲ့ အဲဒီအနီးဝန်းကျင်ဆတ်ရိုးကျရပ်ကွက်ရှိ နေအိမ်တွေ၊ စစ်တွေမြို့ကမ်းခြေအနီးရှိ နေအိမ်တွေမှာလည်း စစ်တပ်က နေရာယူထားပါတယ်။
စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ ရွှေမင်းဂံရေတပ်၊ စစ်တွေ ဒကစ( ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)အပါအဝင် တပ်ရင်း၊ စခန်းတွေ တိုက်ခိုက်ခံနေရ တဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ဝင်ပေါက်နေရာတွေ၊ တံတားတွေနဲ့ အဆောက်အဦးကြီးတွေမှာ နေရာယူ စခန်းချကာ ခံစစ်အနေအထားပြင်ဆင်လာနေတာပါ။
ဒါ့အပြင်စစ်တပ်က မြို့ထဲမှာ လူနေအိမ်တွေဖြိုဖျက်ပြီး ဘန်ကာဆောက်စခန်းချနေသလို ညဘက်ဆိုရင်လည်း တညလုံးနီး ပါးစစ်ကားငါးစီးဝန်းကျင်နဲ့ကင်းလှည့်တာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
အခုရက်ပိုင်း စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ရဲတပ်စခန်းတွေကို AAက ဒရုန်း၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်း ကျားမသောက်တပ်ရင်းမှ စစ်သားအချို့ သေဆုံး၊ ထိခိုက်ခဲ့တယ်လို့ AA သတင်းရင်းမြစ်တဦးက ပြောထားပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့ကမ်းခြေ စစ်တွေဟိုတယ်နားကနေ မိဇံရပ်ကွက် ဘီလူးမတံတားနားထိ ခြံစည်းရိုးကာထားပြီး အဲဒီကမ်းခြေပတ်လည်တလျှောက်လုံးမှာလည်း ဘန်ကာတွေ ဆောက်ထားပါတယ်။ဒါ့အပြင် မြစ်ကမ်း စပ်နဲ့ ဆတ်ရိုးကျချောင်းတလျှောက်၊ ရွှေမင်းဂံ(ချောင်းနွယ်)ချောင်းကပ်စပ်တလျှောက်တို့မှာလည်း မိုင်းတွေ ထောင်ထားပါသေးတယ်။
အဲဒီမိုင်းတွေကြောင့် စစ်တွေမြို့ထဲကနေ ခိုးထွက်ကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုင်းထိမှန်သေဆုံးဒဏ်ရာရခဲ့တာတွေ ရှိခဲ့ပါတယ်။လက်ရှိမှာ စစ်တွေမြို့အရှေ့မြောက်ဘက် ကုလားတန်မြစ်ကမ်းဘေးမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြီးဆုံး ထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ် ၊ မြို့အနောက်ဘက်မှာရှိတဲ့ ရေချမ်းပြင်အနီးဝန်းကျင်ရှိ တပ်စခန်းတွေ၊ မြို့မြောက်ဘက် အမြင့်ကျွန်း၊ ပါဒလိတ်အနီးတဝိုက်ကာကင်းတွေနဲ့ ဒကစစစ်တွေအနီး ကာကင်းတွေကို AA က တိုက်ခိုက်နေပြီး ကာကင်းစခန်းအချို့ သိမ်းပိုက်ရရှိထားပါတယ်။
ရေတပ်စခန်းနဲ့ ကာကင်းတွေကို တိုက်ခိုက်နေသလို ရေတပ်အနီးဝန်းကျင်နဲ့ စစ်တွေမြစ်ပြင်မှာ ရပ်နားထား တဲ့ စစ် သင်္ဘောတွေကိုလည်း ကုလားတန်မြစ်ပြင်ကနေ Speed Boat တွေနဲ့ သွားလာ၊ ပစ်ခတ်တာတွေ ရှိနေကာ AA ရဲ့ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ မေလကုန်အတွင်းက စစ်တွေမှာ စစ်တပ်သင်္ဘောတစီး ထိမှန်ခဲ့ပါတယ်။
AA ဟာ စစ်တွေမြို့ရဲ့ အနောက်ဘက် ရသေ့တောင်မြို့နယ်၊ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အရှေ့ဘက် ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေနဲ့အစပ်နေရာတွေကနေ ဝန်းရံပိတ်ဆို့ကာ စစ် တပ်ကာကင်းစခန်းတွေကိုတခုချင်းထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်နေခဲ့တာပါ။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ကျော်ရှိပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊စစ်တွေနဲ့မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးသတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။


















































