သြဂုတ်-၁၈၊၂၀၂၆။တာရာ/People’s Spring
ရန်ကုန်မြို့မှာဝမ်းပျက် ၊ဝမ်းလျှောရောဂါကြောင့်ဆေးရုံတက်ရောက်ကုသရသူ ဆက်တိုက်တိုးနေပြီး ၆၀၀ နီးပါးရှိနေပြီလို့စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ် ။
“ဝမ်းပျက်ဝမ်းလျှောလူနာက ၆၀၀ နီးပါးအထိရှိလာပြီ။ လူနာကတိုးတိုးလာတယ်။ ဆေးရုံတတ်တဲ့လူနာတွေကိုတောင် တစ်ရက်လောက်ပဲ ဆေးရုံမှာကုသပေးနိုင်တယ်”လို့အထက်ပါတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါအများဆုံးဖြစ်နေတာဟာ မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ လသာ ၊လမ်းမတော်၊ကျောက်တံတားပန်းပဲတန်းစတဲ့မြို့နယ်တွေဖြစ်တယ်လို့သူကဆက်ပြောပါတယ် ။

Public Service Announcement
ဒါအပြင် စစ်တပ်ရဲ့ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေးကလည်း ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ သြဂုတ် ၁၆ ရက်အထိ့ ၅၀၀ ဦးရှိလာပြီဖြစ်တယ်လို့ စစ်တပ်လွှတ်တော်မှာပြောကြားခဲ့ပါတယ်။
သြဂုတ်လ ၉ ရက်ကနေ ၁၆ ရက်အထိဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၀၀ ဦးအထိရှိပြီး ရောဂါပျောက်ကင်းပြီး ဆေးရုံကနေ လူနာ (၂၈၈) ဦး ဆေးရုံဆင်းသွားတယ်လို့ သူကဆိုပါတယ်။ ဒီအရေအတွက်တွေဟာ အစိုးရဆေးရုံ ၊ပုဂ္ဂလိကဆေးရုံတွေမှာတက်ရောက်ကုသရတဲ့ လူနာအရေအတွက်ပဲဖြစ်ပါတယ် ။ဝမ်းရောဂါဖြစ်ပေမယ့် ဆေးရုံမတက်သူ ၊ဆေးခန်းတွေမှာပဲ ပြလိုက်သူ များစွာရှိသေးတယိလို့ ရန်ကုန်မြို့နေပြည်သူအချို့ကပြောပါတယ်။
လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောတွေထဲမှာကာလဝမ်းရောဂါ(သို့မဟုတ်)ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(Cholera Positive)လူနာ ၁၄၀ ဦး နဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက စစ်ဆေးအတည်ပြုထားတဲ့ Vibrio CholeraPositive လူနာ(ကာလဝမ်းရောဂါဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးတွေ့လူနာ) ၉ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ပို့ပေးရတာဆိုတော့ သိတယ်။ လူနာများများလာတယ်။ ဆေးရုံကဆင်းတဲ့လူနာတွေလည်းရှိပါတယ်။ အစားအသောက်တွေကို မှာစားတာပဲဖြစ်ဖြစ် ဝယ်စားတာပဲဖြစ်ဖြစ်ဆင်ခြင်သင့်တယ်။အများစုက အစားအသောက်ကြောင့်ဖြစ်တာ။ပြီးတော့ရေကြောင့်လည်းဖြစ်တာပါတယ်။ အဲဒီဝမ်းပျက်ဝမ်းလျှောက မြို့နယ်တိုင်းလိုလိုမှာဖြစ်နေပြီ” လို့ ဝမ်းရောဂါလူနာတွေကိုဆေးကုသနိုင်ဖို့ ကူညီပေးသူတဦးကပြောပါတယ်။
လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးသူတစ်ဦးတည်းသာရှိတယ်လို့စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဝမ်းရောဂါတွေဖြစ်တာဟာ လမ်းဘေးဈေးသည်တွေကြောင့်လို့ စစ်တပ်ကသုံးသပ်ပြီး ရန်ကုန်မြို့တွင်းမှာရှိတဲ့ လမ်းဘေးစျေးသည်တွေကိုလည်း ဒေသန္တရအမိန့်နဲ့ တစ်ပါတ်တိတိပိတ်ခိုင်းထားပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာဝမ်းရောဂါဖြစ်ပြီး လမ်းဘေးဈေးသည်တွေရဲ့ဈေးဆိုင်တွေ ပိတ်ထားရပေမယ့် စားသောက်ဆိုင်တွေက ပုံမှန်ဖွင့်လှစ်နေပြီး စားသောက်သူတွေလည်း ပုံမှန်အတိုင်းရှိနေတယ်လို့ ရန်ကုန်မြို့ ခံအချို့ကပြောပါတယ် ။
ရန်ကုန်မှာ ဝမ်းရောဂါဖြစ်နေတာကြောင့်ဆေးဆိုင်တွေက BPI ဓါတ်ဆားထုတ်ဝယ်လိုအားများလာပြီး အရင်က တစ်ထုပ် ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိဈေးတက်လာတယ်လို့ မြို့ခံအချို့ကပြောပါတယ်။


















































