ဩဂုတ်-၂၆၊၂၀၂၆။မိုမို/People’s Spring
တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။
လက်ရှိစစ်ရေးနယ်မြေတွေဖြစ်တဲ့ ဗောဓိကမ်း၊ ဘန်လင်၊ ဘန်လော၊ ငါးမိုင်၊ ခြောက်မိုင်၊ ကျွဲထိန်းကုန်း၊ ဆင်ခေါင်း၊ သကျက် နဲ့ တောင်ဘီးရွာ စတဲ့ ကျေးရွာတွေက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကြိုတင်ရှောင်တိမ်းဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်တပ်က ပြည်သူတချို့ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခံထားတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲဖြစ်ချိန်မှာ ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့လည်း သတိပေးပါတယ်။
“အကြမ်းဖက်စစ်တပ်မှ ခေါ်ယူပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေသည့်အထဲတွင် သာမန်ပြည်သူအနည်းငယ်သာပါရှိပြီး စစ်တပ်သတင်းပေး ဒေါက်တိုင်များ ပိုမိုများပြားပါနေကြောင်း သိရှိထားရ”လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးနေတဲ့ နေရာတွေဟာ တနင်္သာရီမြစ်အနီးအောက်ဘက်ခြမ်းဒေသတွေ ဖြစ်ပြီး ခမရ(၅၆၁)တပ်ရင်းနဲ့ ဆက်စပ်တဲ့နေရာတွေလို့ သိရပါတယ်။
တနင်္သာရီမြစ်ကနေတဆင့် ညောင်ပင်ကွင်းကျေးရွာက ခမရ (၅၆၁)တပ်ရင်းကို စစ်တပ်က ရိက္ခာလမ်းကြောင်းပို့ နေရတာဖြစ်ပါတယ်။အခုနှစ် ၂၀၂၆ မေလကလည်း အဲဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။
တနင်္သာရီမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ခမရ -၅၅၇ ၊ ၅၅၈ နဲ့ ၅၆၁ တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။


















































