သြဂုတ် – ၂၇ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
မြ၀တီမြို့ရဲ့တောင်ဘက်ခြမ်းရှိဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော် (DKBA)ထိန်းချုပ်နေရာဖြစ်တဲ့ကျောက်ခက်ဒေသထဲကိုစစ်တပ်ကတောလမ်းကနေတဆင့်စစ်ကြောင်းထိုးလာခဲ့တာကြောင့် KNU တပ်မဟာ(၆ )ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
ကျောက်ခက်ရွာရဲ့ အနောက်မြောက်ဘက်က သဲဖြူချောင်းရွာကို စစ်တပ်စစ်ကြောင်း ထိုးစစ်ဆင်နေတာကြောင့် အဲဒီရွာအနီးမှာ တိုက်ပွဲဖြစ်နေတာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိပြီလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“သဲဖြူချောင်းကို (စစ်တပ်က) တိုးနေတာကြာပြီ၊ (သဲဖြူချောင်းရွာကို) ရောက်တော့မယ်၊ ကျောက်ခက်လမ်းပိတ်မယ်ကြားတယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်စစ်ကြောင်းထိုးနေတဲ့ သဲဖြူချောင်းနဲ့ ကျောက်ခက်ရွာဟာ ဒေသအခေါ် အကွာအဝေး ကုန်းသုံးကုန်းကျော်လောက်သာ ဝေးပြီး ခန့်မှန်းခြေ ၂၅ မိနစ်ခန့် သွားရတယ်လို့ ဒေသခံ ကရင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်တပ်ဟာ လေးကေကော်မြို့သစ်အနီးက နယ်စပ်အနီးရှိဖလူးနဲ့ မင်းလက်ပံရွာကို လနဲ့ချီပြီး တိုက်ခိုက်နေပေမယ့် နယ်မြေမစိုးမိုးနိုင်ဘဲဖြစ်နေရာကနေ အခုတော့ ဖလူးတောင်ကြောလမ်းကနေတဆင့် သဲဖြူချောင်းဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုးလာတာပါ။
ကျောက်ခက်ဒေသကို DKBA စီးပွားရေးကော်မတီရဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်စိုင်းကျော်လှ ထိန်းချုပ်ထားတာပါ။
ကျောက်ခက်ဒေသကကျားဖြန့်လို့ခေါ်တဲ့ ကျားဖြန့် လုပ်ငန်းတွေကိုပူးပေါင်းတိုက်ဖျက်မယ်ဆိုပြီး DKBA နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ချိန်ဆွေးနွေးခဲ့တယ်လို့အာဏာသိမ်းစစ်တပ်ကဝါဒဖြန့်သတင်းထုတ်ထားပါတယ်။


















































