ဩဂုတ် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။
ချင်းပြည်ကောင်စီက ပြုစုတဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာရွှေခါးရ်က အခုလို ပြောပြတာဖြစ်ပါတယ်။ ချင်းမြောက်ပိုင်းဘက်ဒေသတွေမှာ စစ်တပ်က စစ်ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ချင်းတပ်ဖွဲ့တွေရထားတဲ့ သတင်းအချက်အလက်တွေ ပြန်အသိပေးရှင်းပြတာလည်းဖြစ်ပါတယ်။
“တချို့လူတွေကတော့ အင်အားတွေဖြည့်တင်းနေတယ်လို့ ဟားခါးဘက် ဖလမ်းဘက် တီးတိန်ဘက်မှာ ကြားတယ်။တဖက်က ကျနော်တို့ ပြန်ကြားတဲ့ဟာက အဓိက ဒီဘက်ကို ဖလမ်းဘက် ကိုချီတက်လာတဲ့ဟာက တပ်မ (၇၇)ဖြစ်တယ်။ အခုက တပ်မ(၇၇)တွေကို ရုတ်ပြီးတော့ ရဲတွေကို သူတို့က အင်အားဖြည့်လာတဲ့ဟာကို ကျနော်တို့ တွေ့ရပါတယ်” လို့ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

Public Service Announcement
စစ်တပ်က လှုပ်ရှားမှု သတင်းတွေအပေါ် ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအနေနဲ့ လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်က ချင်းမြောက်ပိုင်း ပြန်လည်ထိန်းချုပ် နယ်မြေတွေမှာ အုပ်ချုပ်ရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ လူထုတွေအများစုက စကစရဲ့ အုပ်ချုပ်ရေး အကောင်အထည်ဖော်မှုကို လက်ခံတာ မတွေ့ရကြောင်း ဒေါက်တာရွှေခါရ်းက ပြောပါတယ်။ ကလေးကနေ ဟားခါးထိ ကျေးရွာတွေမှာ ရွာတွေများစွာရှိပေမဲ့ အခုထက်ထိ လူတွေ ပြန်မနေသေးတာဟာ စစ်ကောင်စီအပေါ်လူထုရဲ့ ယုံကြည်မှု ရှိမရှိ ပေါ်လွင်နေတယ်လို့ ပြောပါတယ်။
အရင်ကတည်းကနေ တချို့မြို့တွေမှ အပမြို့နယ်အတွင်း ကျေးရွာတွေမှာက နေပြည်တော်ရဲ့ ဩဇာသက်ရောက်မှု လုံး၀ မရှိကြောင်း ဒေါက်တာရွှေခါးရ်က ရှင်းပြပါတယ်။
“ ဒီနေ့လည်း ဥပမာ တွန်းဇံ၊ ဖလမ်း မြို့ကိုသာယူတာ နယ်မှာ သူတို့ ဩဇာသက်ရောက်မှုက တခုမှ မရှိဘူး။ အဲဒီမြို့ကိုတောင်မှ ပြည့်ပြည့်စုံစုံထိန်းချုပ်နိုင်တာ မဟုတ်သေးဘူး။ နံပတ်နှစ်က ဘာလဲဆိုတော့ အခုက သူတို့က ဟိုင်းဝေး ဥပမာ ကလေးကနေ ဟားခါး ကလေးကနေ တီးတိန် အဲဒါတွေ သူတို့က ထိန်းချုပ်နိုင်တယ်ပြောတယ်။ ဒါပေမဲ့ အဲဒါက ရာနှုန်းပြည့်ထိန်းချုပ်နိုင်တာမဟုတ်ဘူး” လို့ ဒေါက်တာရွှေခါးရ်းက ပြောပါတယ်။
ယခင်က ကလေး-ဟားခါးကြား၊ ကလေး-တီးတိန်ကြား စစ်တပ်စခန်းများ မရှိပေမယ့် အခုအချိန်မှာ စစ်တပ်စခန်း ၃၀ ကျော်ထားရှိတဲ့ နည်းနဲ့ နယ်မြေကို ထိန်းထားရတဲ့ အခြေအနေလို့လည်း သူက ပြောပါတယ်။
“ အဲဒါ ဘယ်လောက်ကြာကြာထိန်းနိုင်မလဲ။တလောလေးက အင်အားဖြည့်တင်းတာမျိုးလုပ်တယ် ကျနော်တို့ ကြည့်လိုက်တော့ မဟုတ်ဘူး အော်ပရေးရှင်းကို အဓိက ဦးဆောင်တဲ့ တပ်မ(၇၇)ကို နောက်ဆုတ်ခိုင်းပြီးတော့ ရဲတွေနဲ့ ပြန်လာပြီး အင်အားဖြည့်တာ” လို့ ဒေါက်တာရွှေခါးရ်က ချင်းမြောက်ပိုင်း စစ်ရေး အခြေအနေကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းမြောက်ပိုင်း ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်အင်အားထောင်ချီ၊ လေကြောင်းပစ်ကူများစွာ အသုံးပြုထိုးစစ်ဆင်လာတဲ့အပေါ် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ခြောက်လကျော် ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးများပြားခဲ့ပါတယ်။
၂၀၂၆ နွေကာလမှာ ဖလမ်း၊ တွန်းဇံ မြို့ အပါအဝင် နယ်မြေဒေသ အချို့၊ ဆက်သွယ်ရေးလမ်းပိုင်းအချို့ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ တိုက်ပွဲဟာ မပြီးဆုံးသေးဘူးလို့ချင်းတော်လှန်ရေးတပ်တွေဘက်က ပြောကြားထားပါတယ်။


















































