သြဂုတ်-၂၉၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဂမ်ဘီယာအစိုးရရဲ့ ရှေ့နေချုပ်နဲ့ တရားရေး ဝန်ကြီးဖြစ်သူ ဒေါ်ဒါ အယ်ဂျယ်လိုက ICJ အဆုံးအဖြတ်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ် ဆိုတာကို မှတ်ချက်ပေးခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် မြန်မာ အာဏာပိုင်တွေက လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း စွပ်စွဲပြီး ICJမှာ အမှုဖွင့်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
ဩဂုတ် ၂၇ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟူမိုင်ယွန် ကိုဘာနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျာဒါးမြို့မှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ညီလာခံ တက်ရောက်ရင်း တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဟာမြန်မာဖက်ကထွက်ပြေးလာတဲ့ရိုဟင်ဂျာ မျိုးနွယ်စု အများအပြား ခိုလှုံနေတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ပါတယ်။

Public Service Announcement
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ICJဆီက ထွက်ပေါ်လာမယ့် အဆုံးအဖြတ်ဟာ ရိုဟင်ဂျာ အကျပ်အတည်းကို ရေရှည်ပြေလည်စေမယ့်အဖြေတစ်ခုရှာဖွေဖို့အရေးကြီးတဲ့အခန်း
ကဏ္ဍကနေ ပါဝင်လာမယ်လို့လည်း အယ်ဂျယ်လိုက ပြောပါတယ်။ မြန်မာစစ်တပ်က ၂၀၁၇ သြဂုတ်လကစပြီးနယ်မြေရှင်းလင်းရေးခေါင်းစဥ်နဲ့ ရိုဟင်ဂျာတွေကို သတ်ဖြတ်၊မုဒိမ်းကျင့် ၊နေအိမ်တွေကိုမီးရှို့ စတဲ့အကြမ်းဖက်မှုမျိုးစုံလုပ်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခိုလှုံခဲ့ကြပါတယ် ။
ကိုဘာကတော့ ICJ တရားခွင်မှာ ရိုဟင်ဂျာ အရေးအတွက် တက်တက်ကြွကြွ ဦးဆောင် လျှောက်လဲပေးနေတဲ့ဂမ်ဘီယာအစိုးရရဲ့ အားထုတ်မှုတွေကိုဘင်္ဂလားဒေ့ရှ်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောကြားသွားပါတယ်။
ရိုဟင်ဂျာ အကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ရမှု လျော့ကျမသွားစေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာကြား ပူးပေါင်းဆောင်ရွက်မှုတွေ စဉ်ဆက်မပြတ် ရှိနေဖို့ လိုအပ်ကြောင်းလည်းကိုဘာကဆိုပါတယ်။
ပြီးတော့ ရိုဟင်ဂျာတွေဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ မြန်မာနိုင်ငံဆီ နေရပ်ပြန် အခြေချမှုလို ဖြေရှင်းမှု နည်းလမ်းတွေကို အကောင်အထည် ဖော်ဖို့ ဆက်လက် ကြိုးစားရမယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။
ဂမ်ဘီယာဟာ ရိုဟင်ဂျာ အရေးအတွက် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက ICJမှာ စတင် တရားစွဲဆိုခဲ့ပြီး တရားခွင်ရဲ့ပထမဆုံးကြားနာမှုကိုတော့အဲဒီနှစ်ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ခဲ့ပါတယ်။
ကိုးကား- New Age


















































