Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့မှာ နောက်ထပ်ရေကာတာ ၁ခု အိကျ၊ အရေးပေါ်ပိတ်ဆို့နေရပြီး ဒေသခံတွေ စိုးရိမ်နေ

ငဝန်မြစ်ရေကာတာကျိုးကျလို့ လနဲချီပြီး ရေဘေးကြုံတွေ့နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ နောက်ထပ်ရေကာတာ ၁ခု အိကျသွားလို့ သဲအိတ်တွေနဲ့အရေးပေါ်ပိတ်ဆို့နေရပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

(ဩဂုတ်နောက်ဆုံးပတ်အတွင်း ညောင်တုန်းမြို့နယ်က ရေကာတာ အိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် ပြုပြင်နေကြစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ−၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ငဝန်မြစ်ရေကာတာကျိုးကျလို့ လနဲချီပြီး ရေဘေးကြုံတွေ့နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ နောက်ထပ်ရေကာတာ ၁ခု အိကျသွားလို့ သဲအိတ်တွေနဲ့အရေးပေါ်ပိတ်ဆို့နေရပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လေးမျက်နှာမြို့နယ်၊ ထိန်ငူကျေးရွာအနီးရှိ ငဝန်ရေကာတာ မိုင် ၂၀အနီးမှာ ဒီကနေ့ စက်တင်ဘာ ၃ရက် မနက်ပိုင်းက တာအိကျတာလို့ ဒေသခံတွေက ပြောပါတယ်။

” ပထမတခါလိုပဲ။ တာအခြေနေမကောင်းတဲ့အကြောင်း ဌာနဆိုင်ရာတွေကိုအကြောင်းကြားထားပေမယ့် လုံလောက်တဲ့ အကူအညီ ရောက်မလာဘူး။ ဒီနေ့မနက်အိကျသွားတော့မှ သဲအိတ်တွေအရေးပေါ်ကာနေကြတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိကျတဲ့တာနေရာကို ဟင်္သာတခရိုင်က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဆည်မြောင်းဝန်ထမ်းတွေ သဲအိတ်ဖို့ခြင်း၊ တွေဝါးတုတ်ရိုက်ခြင်းလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီး နေပါတယ်။ ရေ ဘေးကြောင့် သေဆုံးသူဦးရေလည်း ၁၅ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။ ရေဘေးကာလ တစ်လကျော်လာတဲ့အထိ တာကျိုးပေါက်ကို မပိတ်နိုင်သေးသလို နောက်ထပ်တစ်နေရာကပါ တာကျိုးမယ့်အန္တရာယ်ကိုရင်ဆိုင်နေရတာလို့ ဒေသခံတွေကပြောပါတယ်။

ထိန်ငူတာဟာ ၁၉၉၁ ဇူလိုင် ၂၈ ရက်ကလည်း ကျိုးကျခဲ့ဖူးပြီး လက်ရှိရေကြီးနေတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်အများအပြား ကာလရှည်ရေ ဘေးကြုံတွေ့ခဲ့ဖူးပါတယ်။

” မကြာခင် အထက်က ရေတွေဆင်းလာမှာ။ ဒီတစ်ခါထပ်ဖြစ်ရင်တော့ ဘာမှကယ်နိုင်လို့မှမဟုတ်ဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း လက်ရှိမှာ ညောင်တုန်းမြို့နယ်က ရေကာတာအိကျနေလို့ အရေးပေါ် ပိတ်ဆို့နေရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လလယ်ကလည်း မြန်အောင်နဲ့ ဇလွန်မြို့က ရေကာတာ ယိုစိမ့်လို့ ဒေသခံတွေလုပ်အားပေးပြီး ပိတ်ဆို့ခဲ့ရပါတယ်။ အဲဒီနေရာတွေကလည်းစောင့်ကြည့်ဆဲအခြေအနေ ဖြစ်ပါတယ်။။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တာတမံတွေကြံ့ခိုင်ရေးကို လုပ်ဆောင်ခြင်းမရှိခဲ့တဲ့အတွက် နေရာအများစုမှာ ရေယိုစိမ့်နေတဲ့ အခြေအနေဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ တာတမံတွေကြံ့ခိုင်ရေးကို လုပ်ဆောင်ခြင်းမရှိသလို ဒေသခံပြည်သူတွေ အခက်အခဲကြုံနေအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့ ယူဆကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်မတ်အချို့က ဝေဖန်ထားကြပါတယ်။

ရေကာတာတွေ ရေယိုစိမ့်တာကို လူမှုကွန်ရက်ပေါ်တင်ရင် အရေးယူမယ်လို့လည်း စစ်တပ် လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

ယခုရက်ပိုင်း ဧရာဝတီတိုင်းမှာ မိုးကြီးနေသလို နိုင်ငံထက်ပိုင်းဒေသတွေနဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမှာလည်း မိုးကြီးပြီးရေဘေးကြုံတွေ့နေပါတယ်။ အထက်ပိုင်းကနေဧရာဝတီ မြစ်ကြောင်းအတိုင်းဆင်းလာမယ့်ရေတွေကြောင့် ရေကာတာတွေရဲ့ ကြံ့ခိုင်ရေးကိုစိုးရိမ်နေရသလို လေးမျက်နှာတာကြိုးပေါက်ကို ဝင်တာကြောင့် ရေဘေးအခြေအနေ ပိုဆိုးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ၁လခန့်အတွင်း ၄ခုမြောက်ရေကာတာ အန္တရာယ်ကြုံရခြင်းဖြစ်

သတင်း

လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ဖြစ်တဲ့ရေဘေးဟာ ဩဂုတ်ပထမလပတ်ထဲမှာ ရေအနည်းငယ်ပြန်ကျနေရာကနေ ယခုရက်ပိုင်း တကျော့ပြန် ရေမြင့်တက်လာပြီး အခြေအနေပိုဆိုးရွားလာပါတယ်။

သတင်း

လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ မြို့နယ် ၅မြို့ထက်မနည်း ရေဘေးကြုံတွေ့နေစဉ် ဧရာဝတီတိုင်းအတွင်း နောက်ထပ် ရေကာတာ ၂ခု ကြံ့ခိုင်မှုမကောင်းလို့ အရေးပေါ် ပိတ်ဆို့ကာရံနေရပါတယ်။