ဩဂုတ်-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့နယ်က ရေကာတာ အိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေရပါတယ်။
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာဟာ ဩဂုတ် ၂၅ရက်နံနက်ပိုင်းမှာ အိပဲ့ကျလာလို့ အဲဒီနေရာကိုရောက်ရှိနေတဲ့လူမှုရေးအဖွဲ့တွေက ပြောပါတယ်။
အလျား ပေ၃၀၀ပေ၊ အနံပေ ၆၀ခန့်အထိ အိကျသွားလို့ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement
“အိကျတာသိသိချင်း သဲအိတ်တွေချတာ။ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကလူရေးအဖွဲ့တွေလည်းရောက်လာတယ်။ ဒေသခံတွေလည်းအင်အားများများနဲ့လုပ်နေတယ်။ စုစုပေါင်းအင်အား၂၀၀၀လောက်ရှိတယ်။ အခုထိ အရေးပေါ်လုပ်နေရတဲ့အခြေအနေဖြစ်ပါတယ်” လို့ အရပ်ဖက်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဒီနေ့သြဂုတ်လ၂၆ရက်မနက်ပိုင်းမှာ ပြောပါတယ်။
အဲဒီရေကာတာဟာ ရေဝဲတိုးမှုကြောင့် တာအိပဲ့ကျမှုဖြစ်ပွားတာလို့ စစ်တပ် လက်အောက်ခံ ဧရာဝတီတိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ အိကျနေတဲ့ဟာ ကျိုးပေါက်ရင် ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အထိ ရေဝင်ရောက်နိုင်တယ်လို့ဒေသခံတွေက ပြောပါတယ်။
ယခုဖြစ်ရပ်ဟာ ဧရာဝတီတိုင်းအတွင်းမှာ ဇူလိုင်လကုန်နဲ့ ဩဂုတ်နောက်ဆုံး ရက်သတ္တပတ် အအတွင်း လေးခုမြောက် ရေကာတာခြိမ်းခြောက်မှုအန္တရာယ် ဖြစ်ပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာ အိကျရာကနေ ကျိုးကျသွားပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်းနဲ့ ငါးသိုင်းချောင်းမြို့နယ်တွေမှာ ရေဘေးကြုံတွေ့နေပါတယ်။
သြဂုတ်လဆန်းပိုင်းမှာ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာကနေလည်း မြစ်ရေကျော်နေလို့ သဲအိတ်တွေနဲ့ အရေးပေါ် ပိတ်ဆို့ကာရံခဲ့ရပါတယ်။
ဇလွန်မြို့၊ ညောင်ပင်သာရွာက ရေကာတာကိုလည်း လူအင်အားထောင်ချီသုံးပြီး သဲအိတ်တွေနဲ့ ကာရံခဲ့ရပါတယ်။
လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာ စတင်အိကျခဲ့စဉ် ကြိုတင်သတင်းပို့ခဲ့ပေမယ့် စစ်တပ် လက်အောက်ခံဌာနဆိုင်ရာတွေက လုံလောက်တဲ့ကြိုတင်ကာကွယ်ရေးမလုပ်ဆောင်ခဲ့တဲ့အတွက် ကျိုးကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးအတွက် စစ်တပ်က အရည်အချင်းမမီဘူးလို့ ဒေသခံတွေက ဝေဖန်နေ ကြပေမယ့် အာဏာသိမ်းစစ် ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာပြီး ဟင်္သာတ၊ရေကြည်၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။
လက်ရှိ အရေးပေါ်အခြေအနေဖြစ်နေတဲ့ ညောင်တုန်းရေကာတာကာ ပိတ်ဆို့ပြင်ဆင်ရေးအတွက်လည်း ဒေသခံတွေနဲ့အရပ်ဘက်အဖွဲ့စည်းတွေက အဓိကလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
” ကျတော်တို့ မြို့ခံတွေတော်တော်စိုးရိမ်နေကြတယ်။ အဲဒီတာ မကျိုးအောင် လုပ်အားသွားပေးနေကြတယ်။ တာတွေက ထိန်းသိမ်းမှုမရှိတော့ ကြံ့ခိုင်မှုမကောင်းဖြစ်နေတာ”လို့ ညောင်တုန်းမြို့ခံတစ်ဦးကပြောပါတယ်။ ညောင်တုန်းမြို့ဟာ ဧရာဝတီတိုင်းနဲ့ရန်ကုန်တိုင်းဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာ ရှိပါတယ်။


















































