စက်တင်ဘာ၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ ဆက်စပ်တဲ့မဲဇာ-စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးကျေးရွာတွေကိုဒီနေ့ စက်တင်ဘာ၂၃ရက် မနက် ၁၁နာရီခွဲခန့်မှာ စစ်တပ်က Y-12နဲ့ ဗုံးကြဲတာပါ။
ဒေသခံတွေပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင်တွေကို ကြဲချလို့ ဆီကားတချို့မီးလောင်ခဲ့သလို ယာဉ်မောင်း ၁ဦးနဲ့ယာဥ်နောက်လိုက် ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
” ရွာစဉ်အလိုက်ကြီး ကြဲတာ။ စုစုပေါင်း ဗုံးအလုံးရေ ၃၀ ကျော်နိုင်တယ်။ တကယ့်ကို ရက်ရက်စက်စက်ပဲ။ သေဆုံးနှစ်ဦးအပြင်ဒဏ်ရာရ ဆယ်ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေ”လို့ အင်းတော်မြို့ခံတစ်ဦးကပြောပါတယ်။
အင်းဝောာ်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ဗုံးလာကြဲသွားတာလို့ မြို့ခံတွေကပြောပါတယ်။
စစ်တပ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းမှာ လူစည်ကားရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၈ရက်ကလည်း မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းက ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးကို ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၆ ဦးသေဆုံးခဲ့ပါတယ်။



















































