အောက်တိုဘာ-၇၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီး တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်အထိနာပြီးနောက် လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်သွားရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(အောက်တိုဘာ ၇ ရက်) မနက်ပိုင်းက မိုးဗြဲမြို့ အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“လွယ်ဝိုင်းဘက်မှာဖြစ်တာ။စစ်ကြောင်းက မိုးဗြဲမြို့ထဲ ပြန်ဆုတ်သွားရတယ်”လို့ တိုက်ပွဲအခြေအနေကို သိရှိသူတစ်ဦးက လူထုနွေဦးကို ရှင်းပြပါတယ်။

Public Service Announcement
တိုက်ပွဲတွင်း စစ်တပ်က လေယာဉ် ၂စီးနဲ့ ပစ်ကူပေးခဲ့တယ်လို့လည်း သူက အသိပေးပါတယ်။
စစ်တပ်က မိုးဗြဲမြို့အနောက်ခြမ်း လွယ်ဝိုင်းနဲ့ လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
“လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့က ဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် မိုးဗြဲမြို့အနီးတဝိုက်မှာ ပြီးခဲ့တဲ့ လေးလအတွင်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ငါးကြိမ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုတွေကြောင့် မိုးဗြဲ မြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးသူ ၃၀ ၀န်းကျင်ရှိတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။ဒီကနေ့ မနက်ပိုင်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့လည်း မိုးဗြဲ PDF တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။



















































