အစိုးရရဲ့ ဖိအားပေးမှုတွေ မြင့်တက်လာတဲ့နောက် ရုရှားရဲ့ နောက်ဆုံးလက်ကျန် လွတ်လပ်တဲ့ သတင်းစာတိုက်ကို ပိတ်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။
နိုဗာယာ ဂေဇက်တာဟာ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ မော်စကိုမြို့တော်က ရုံးချုပ်ကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အစိုးရ အာဏာပိုင်တွေဆီက အမျိုးမျိုးသော ဖိအားတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့ရတာလို့ သတင်းစာတိုက်ဖက်က ဆိုပါတယ်။
အဲဒီ သတင်းစာတိုက်ဟာ ရုရှားအစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးသားမှုတွေ လုပ်ဆောင်နေပြီး ရုရှားပိုင်နက်ထဲမှာ ဆက်လက် လုပ်ငန်းလည်ပတ်နေတဲ့ နောက်ဆုံးလက်ကျန် လွတ်လပ်တဲ့ မီဒီယာလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ယူကရိန်း ကျူးကျော်စစ်နောက်ပိုင်း သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရုရှားအစိုးရဆီက ဖြိုခွင်းမှုတွေကြောင့် တခြား လွတ်လပ်တဲ့ မီဒီယာတွေကတော့ ပိတ်သိမ်းတာ၊ ဒါမှမဟုတ် ပြည်ပကို ပြောင်းရွှေ့ အခြေစိုက်တာမျိုး နည်းလမ်းတွေကို ရွေးချယ်ခဲ့ကြပါတယ်။
အောက်တိုဘာ ၃၀ တုန်းက ထုတ်ပြန်ဖူးတဲ့ သတင်းစာတိုက်ရဲ့ ကြေညာချက်မှာတော့ ရုရှား အာဏာပိုင်တွေနဲ့ ထောက်လှမ်းရေးတွေက သတင်းစာတိုက် လုပ်ငန်း ရပ်တန့်သွားအောင် အယ်ဒီတာ အဖွဲ့နဲ့ သတင်းခန်းကို အမျိုးမျိုး ဖိအားပေးနေကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
ရုရှားနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေက လုံးဝ ပျက်သုဉ်းသွားပြီဖြစ်ကြောင်း၊ အဲဒါတွေကို ကာကွယ်ရပ်တည်ဖို့ အားထုတ်မှုတွေဟာ ဒုစရိုက်မှု မြောက်လာကြောင်း သတင်းစာတိုက်က ကြေညာပါတယ်။ ရုရှားမှာ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ၊ စစ်မှန်တဲ့ ရွေးကောက်ခံ လူထုကိုယ်စားလှယ်တွေဟာ စနစ်တကျ ဖျောက်ဖျက် ခံလိုက်ရကြောင်း၊ လူထု အခြေပြု အဖွဲ့အစည်းတွေ ပျက်သုဉ်းကုန်ကြောင်း၊ အသိဉာဏ် လွတ်လပ်ပိုင်ခွင့်နဲ့ လူသားဂုဏ်သိက္ခာတွေကလည်း အောက်ခြေစလို့ ယိမ်းယိုင်လာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ နိုဗာယာ ဂေဇက်တာဟာ ရုရှား အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဂတိ ကိစ္စတွေကို ရဲရဲရင့်ရင့် မီးမောင်းထိုး ဖော်ပြခဲ့တာကြောင့် မြန်မြန်ဆန်ဆန် လူသိများ အောင်မြင်လာခဲ့ပါတယ်။ အဲဒီအတွက် ပြန်ပေးဆပ်ရတဲ့ တန်ဖိုးကလည်း မနည်းခဲ့ပါဘူး။ သတင်းစာတိုက်ရဲ့ ဂျာနယ်လစ် ၆ ဦးဟာ လုပ်ကြံသတ်ဖြတ်မှုတွေ ခံခဲ့ရပြီး အဲဒီထဲမှာတော့ ပူတင်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်း ကာလအတွင်း ဒုတိယ ချေချင်းညာ စစ်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို စုံစမ်းဖော်ထုတ် သတင်းရေးသားခဲ့သူ အန်နာ ပိုလစ်ကော့ဗ်စကာယာလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်တုန်းက ကိုယ်ပိုင်တိုက်ခန်းထဲမှာ ပစ်သတ် ခံခဲ့ရပါတယ်။
သတင်းစာတိုက် ပိတ်သိမ်းတဲ့ နေ့မှာတော့ ဂျာနယ်လစ်တွေဟာ ရဲရင့်စွာ ကျဆုံးခဲ့တဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရဲ့ ဓာတ်ပုံတွေကို နံရံတွေဆီကနေ ညင်ညင်သာသာ ဖြုတ်ယူ သိမ်းဆည်းနေခဲ့တာကိုလည်း တွေ့ရပါတယ်။ ရုံးခန်းတစ်ခု၊ အလုပ်နေရာ တစ်ခုထက် အများကြီးပိုပြီး အဓိပ္ပါယ် လေးနက်တဲ့ သတင်းစာတိုက်ကို ပိတ်သိမ်းတော့မယ် ဆိုတာက အားလုံးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်လာကြောင်း အယ်ဒီတာ တစ်ဦးဖြစ်တဲ့ တာတီယန်နာ ဘရစ္စကာယာက ပြောပါတယ်။
ကရင်မလင် နန်းတော်ဟာ အတိုက်အခံ ဝေဖန်သူတွေအပေါ် ဖိနှိပ်ဖြိုခွင်းမှုတွေ အရှိန်အဟုန် မြှင့်တင်လာတာနဲ့အမျှ နိုဗာယာ ဂေဇက်တာရဲ့ အခြေအနေက ပိုမို ခက်ခဲလာခဲ့ပါတယ်။ ဝါရင့် အယ်ဒီတာချုပ် ဒီမစ်ထရီ မူရာတော့ဗ်ဟာလည်း နိုင်ငံခြားသူလျှိုလို့ စွပ်စွဲခံရတဲ့ အခြေအနေတွေကြောင့် ၂၀၂၃ ခုနှစ်မှာ ရာထူးက နုတ်ထွက်ခဲ့ရဖူးပါတယ်။ ပြီးတော့ ရုရှားစစ်တပ်ကို သိက္ခာချပါတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ သတင်းစာတိုက်ကို ဒဏ်ငွေရိုက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မော်စကိုက ရုံးခန်းကိုပါ ပိတ်သိမ်းဖို့ထိ ဖိအားပေးမှုတွေ ကြုံလာတာ ဖြစ်ပါတယ်။
လက်ရှိ အယ်ဒီတာချုပ်ဖြစ်တဲ့ ဆာဂျီဆိုကိုလော့ဗ်ကတော့ နိုဗာယာ ဂေဇက်တာဟာ တစ်နေ့နေ့မှာ အားမွေးပြီး တကျော့ပြန်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ သတင်းစာ အဖွဲ့သားတွေဟာ ဆက်လက် ရှင်သန် ရပ်တည်နေမှာ ဖြစ်ကြောင်း၊ နိုင်ငံအပေါ် လွှမ်းမိုးထားတဲ့ ခေတ်ဆိုးကြီး အဆုံးသတ်မယ့် အရိပ်အယောင်လေးတွေ စပြီး မြင်လာရတာနဲ့ နိုဗာယာ ဂေဇက်တာဟာ စာဖတ်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မှောက်ကို ပြန်ရောက်လာမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား: AP




















































