●ထင်ကျော်အေး
တော်လှန်ရေးအစကတည်းက ရေလိုစီးဆင်းဖို့ ပြောကြတယ်။ ဗဟိုချက်မ မရှိတဲ့ တော်လှန်ရေးကို ဟိုးအစကတည်းက စိုးရိမ်တဲ့သူတွေကလည်း စိုးရိမ်ကြပေမယ့်၊ အားသာချက်လို့ မှတ်ယူသူကလည်း မှတ်ယူကြပါတယ်။ ခုနစ်လကျော်လာခဲ့ပြီ သင်ယူစရာတွေ သင်ယူရင်း၊ ရှင်သန်ဖို့ အားမွေးဖေးကူကြရင်း၊ အနာဂတ်ကို ပုံဖော်မျှော်ကြည့်ကြရင်းနဲ့ သယ်ဆောင်စီးဆင်းလာခဲ့တာ။ တောက်လျောက်ပြန်ကြည့်ရင် ဒီတော်လှန်ရေးမှာ လူထုက သူရဲကောင်း၊ လူစွမ်းကောင်းတွေ မွေးမထုတ်ပေးခဲ့ပဲ စုပေါင်းအင်အား၊ အပြန်အလှန်ဖေးကူမှု၊ စာနာနားလည် မှုတွေကိုပဲ မွေးထုတ်ခဲ့တာ အင်မတန် ကျေးဇူးတင်စရာကောင်းတယ်။ ၂၀၂၁ မြန်မာ့နွေဦး တော်လှန်ရေးကို တစ်ချိန်မှာ ပြန်ကြည့်ကြရင် ဒါကို အဓိက အသားပေးပြီး ဖော်ပြကြလိမ့်မယ်။ တော်လှန်ရေးရဲ့ အဆင့်အလိုက် ခလုတ်တွေကို မောင်းဖြုတ်ခဲ့တာ လူထုကချည်းပဲ။ ဒါကို အစုအဖွဲ့လိုက်၊ ကဏ္ဍအလိုက် ဦးဆောင်နေကြတဲ့သူတွေ ဘယ်သူမှ ငြင်းရဲမယ် မထင်ဘူး။
အခုလည်း လူထုရဲ့ ပြင်းပြတဲ့ ဆန္ဒကို အရင်းခံပြီး အမျိုးသားညီညွတ်ရေးအစိုးရက တိုက်ပွဲကို ခေါ်လိုက်ပြီ။ လူထုဟာ စစ်ဘေးဒဏ်ကို ရိပ်စားမိကြပေမယ့် မခံမရပ်နိုင်လွန်းလို့ အသက်ပဲပေးရပေးရဆိုပြီး ပါဝင်ကြဦးမှာပါပဲ။ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက လူထုဟာ “နိုင်ငံတော်” ဆိုတဲ့အရာရဲ့ လက်တံခြေတံတွေကို ကိုယ်စားပြုနိုင်ကြောင်း အကြိမ်ကြိမ် ပြနေခဲ့ပြီးဖြစ်ပါတယ်။ အစိုးရတစ်ရပ်က ပေးရတဲ့ ဝန်ဆောင်မှုတွေ လူထုက အချင်းချင်း ဖေးကူပြီး ပေးခဲ့ကြတယ်။ လက်နက်နဲ့ ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် အုပ်ချုပ်လို့မရစေရဆိုပြီး ပြခဲ့ကြတယ်။ လူထုရဲ့ စုပေါင်းတုံ့ပြန်မှုတွေကို စုစည်းလိုက်မယ်၊ အဲ့ဒိအပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နယ်မြေအလိုက် ဖက်ဒရယ် အင်အားစုတွေရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အဲ့ဒါဟာ “နိုင်ငံတော်” ဆိုတာက ပီပီပြင်ပြင် မြင်ရပါလိမ့်မယ်။ ဆိုလိုတာက လူထုရဲ့ စုစည်းအားဟာ နိုင်ငံတော်ရဲ့ ယန္တရားတစ်ခုဖြစ်တယ်။ အရေးကြီးတဲ့ အစိတ်အပိုင်းကြီးတစ်ခုဖြစ်တယ် ဆိုတာပါပဲ။
အခုအချိန်မှာ တော်လှန်ရေးဟာ အကြမ်းမဖက် ဆန့်ကျင်ရေးကနေ စစ်ရေးကဲတဲ့ဘက်ကို အတိအလင်း ဦးတည်လာခဲ့ပါတယ်။ သောမက်စ်ဟော့ဘ်ဆိုတဲ့ နိုင်ငံရေးဒဿနဆရာကြီးက “နိုင်ငံတော်သည် အကြမ်းဖက်မှုကို မောင်ပိုင်စီး သုံးပိုင်ခွင့်ရှိသည်” လို့ ရေးခဲ့တယ်ဆိုတာ ကြားဖူးပါတယ်။ အကြမ်းဖက်မှုကို တစ်ဦးတည်းသုံးခွင့် လိုင်စင်ရတဲ့ သဘောပါပဲ။ ဒါပေမယ့် လူ့ဘောင်ရဲ့ ငြိမ်းချမ်းမှုကို ထိန်းကွပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးရပါတယ်။ အကန့်အသတ်နဲ့ သုံးရပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို မကိုးကားပါနဲ့။ သူတို့မှာ နိုင်ငံတော်ရဲ့ အသွင်သဏ္ဍာန် ဘာမှမရှိပါဘူး။ အကြမ်းဖက်မှုကို မောင်ပိုင်စီးထားဖို့ ကြိုးစားတယ်ဆိုတာလောက်ပါပဲ။ လူ့ဘောင်ရဲ့ ငြိမ်းချမ်းရေးကို ထိန်းကွပ်ဖို့ ရည်ရွယ်ချက်မဲ့ပြီး စစ်ခေါင်းဆောင်တွေ အဆင့်အလိုက် ကောင်းစားရေးပဲ ရှိတာ ရှင်းရှင်းကြီး မြင်ရပြီးဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ အခြေအနေကတော့ ကွဲပြားပါတယ်။ လွတ်မြောက်ရေး၊ လွတ်လပ်ရေး၊ တန်းတူညီမျှရေး စတဲ့ မြင့်မြတ်တဲ့ ရည်မှန်းချက်တွေက ဦးဆောင်ပါတယ်။ “နိုင်ငံတော်” အသွင်ကို ဆောင်တယ်။ လူ့ဘောင် ကောင်းကျိုးအတွက် ငြိမ်းချမ်းရေးအတွက် အကြမ်း ဖက်မှုကို မလွဲသာမရှောင်သာ သုံးစွဲကြရတဲ့အခါမှာလည်း “နိုင်ငံတော်” ဆိုတဲ့ အသွင်သဏ္ဍာန်ကို မပျက်ယွင်းအောင် ထိန်းသိမ်းကြဖို့ လိုပါတယ်။
ဒီအချိန်ဟာ ကျွန်တော်တို့ တော်လှန်ရေးရဲ့ အင်မတန် အရေးကြီးတဲ့ အချိန်ကာလဖြစ်ပါတယ်။ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီဟာ “နိုင်ငံတော်” ဆိုတဲ့ အနှစ်သာရကို ကိုယ်စားပြုကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်း ဘယ်လိုပြုမှုဆောင်ရွက်ခဲ့တယ်ဆိုတာ နောင်တစ်ချိန် နိုင်ငံရဲ့ သမိုင်းမှာ မှတ်တမ်းတင်ခံရမှာလည်း ဖြစ်ပါတယ်။ ဒီတာဝန်ဟာ အလွန်ကြီးလေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီတစ်ကြိမ်လည်း သယ်ဆောင်နိုင်ပါလိမ့်မယ်။ သယ်ဆောင်နိုင်ရပါလိမ့်မယ်။
အရေးပေါ်အခြေအနေကြေငြာပြီးနောက်မှာ နိုင်ငံတကာရဲ့ စိုးရိမ်တကြီး စောင့်ကြည့်မှုကို ကျွန်တော်တို့ ခံနေရပါတယ်။ ယန်ဟီးလီတို့ရဲ့ SAC-M အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်သည်တော်ကျင့်ဝတ်ကို ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အဖြေဖြစ်ပါတယ်။ တော်လှန်ရေးမှာ ပါဝင်ကြတဲ့ ပြည်သူများအနေနဲ့ စစ်သည်တော် ကျင့်ဝတ်နဲ့အညီ ပါဝင်ကြဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေနဲ့အညီ ဆောင်ရွက်ကြဖို့ လိုပါတယ်။ ချိုးဖောက်မှုတွေ ရှိလာခဲ့ရင်လည်း တာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ယန္တရားတွေ တည်ဆောက်ထားဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံတကာ ထောက်ခံမှု လိုချင်လို့ မဟုတ်ပါ။ တရားသောစစ်ကို စစ်ကျင့်ဝတ်၊ လူ့ကျင့်ဝတ်နဲ့ အညီ တိုက်ရမှာဖြစ်တာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်မှုကို မလွဲမရှောင်သာ သုံးစွဲရတဲ့ နိုင်ငံတော်ရဲ့ အရေးပေါ် ယန္တရားများဖြစ်တာကြောင့် ဖြစ်ပါတယ်။
(မန္တလေးမြို့တွင် ချီတက်ဆန္ဒပြနေသည့် ဘာသာပေါင်းစုံသပိတ်စင်ကြောင်းနှင့် စစ်သင်တန်းတက်ရောက်နေသော ထိုင်းရောက်မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ – Poison၊ ကိုရဲမင်း(AAC))