မောင်ငယ်လေးရေးသားသည်။
မနေ့ကပဲကင်မရွန်းနိုင်ငံရဲ့အသက်၉၂ရှိပြီဖြစ်တဲ့လက်ရှိသမ္မတပေါလ်ဘီယာကိုရွေးကောက်ပွဲမှာအနိုင်ရရှိသူအဖြစ်ကော်မရှင်ကကြောညာလိုက်ပါတယ်။ဒီအတိုင်းဆိုရင်သူဟာ ၈ ကြိမ်မြောက်သမ္မတ သက်တမ်းကိုပိုင်ဆိုင်သွားပြီးအသက်၉၉ နှစ်အထိတိုင်းပြည်ကိုအုပ်ချုပ်သွားမှာပါ။
တစ်နိုင်ငံလုံးမှာတော့ မကျေနပ်မှုတွေကြောင့်ဆန္ဒပြမှုတွေ၊အဓိကရုဏ်းတွေနဲ့ပြည့်နှက်နေပါတယ်။
ကမ္ဘာဟာတဖြည်းဖြည်းနဲ့အသက်အရွယ်ကြီးမြင့်ပြီးအာဏာနဲ့လောဘကိုအတောမသတ်နိုင်တဲ့သူတွေရဲ့ လက်ထဲကိုရောက်လာတာကို မြင်နေရပါတယ်။ ဒါဟာလူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာလည်း ဖြစ်လာနေပါတယ်။

Public Service Announcement
အသက်ကြီးသူအုပ်ချုပ်ရေး (Gerontocracy)လို့လည်းခေါ်ကြပါသတဲ့။အဓိပ္ပါယ်ကတော့ နိုင်ငံ တစ်နိုင်ငံ၊လူ့အဖွဲ့အစည်းတစ်ခုကို အသက်အရွယ်ကြီးရင့်သူတွေကသာဦးဆောင်တယ်ဆိုတဲ့ သဘောပါ။
ပြီးခဲ့တဲ့စက်တင်ဘာအစောပိုင်းကပဲတရုတ်နိုင်ငံရဲ့ဖက်ဆစ်ဂျပန်ကိုအောင်နိုင်တဲ့နှစ်၈၀ပြည့်အခမ်း အနားမှာရုရှသမ္မတပူတင်နဲ့တရုတ်သမ္မတရှီကျင့်ဖိန်တို့ဟာခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုအစား ထိုးတဲ့နည်းပညာအကူအညီနဲ့မသေဆေးကိုတွေ့နိုင်ပြီလို့တီးတိုးပြောကြတာကို မိုက်ကရိုဖုန်းတွေကဖမ်းမိခဲ့ကြ ပါတယ်။
အနာဂါတ်မှာအသက်၇၀ဆိုတာဟာကလေးအရွယ်ပဲရှိတော့မှာလို့ပူတင်ကပြောပြီး၊အသက် ၁၅၀ အထိနေလို့ရမှာလို့ရှီကပြန်ပြောပါတယ်။ ကမ္ဘာကြီးသာသက်ရှိလူပုဂ္ဂိုလ်ဆိုရင် “ဘုရားသခင် ကယ်တော်မူပါ”လို့ အလန့်တကြားထအော်မိမှာအသေအချာပါ။
ရှီကသူ့တိုင်းပြည်ကိုအုပ်ချုပ်တာ၁၃နှစ်ရှိပြီဖြစ်ပြီး၊ပူတင်ကတော့၂၅ နှစ်ရှိသွားပါပြီ။ ဒါပေမယ့်ရာထူးက ဆင်းပေးမယ့်အရိပ်လက္ခဏာကိုနှစ်ယောက်လုံးကတစွန်းတစတောင်မပြကြပါဘူး။
မနေ့ကပဲအမေရိကန်ပြည်ထောင်စုရဲ့အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့သမ္မတဒေါ်နယ်ထရမ့်ကအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီးတတိယအကြိမ်သမ္မတသက်တမ်းကိုဆက်လုပ်ဖို့ရည်ရွယ်နေတယ်လို့ထပ်ပြောသွားပြန်ပါတယ်။ အခြေခံဥပဒေကတားမြစ်ထားတဲ့သမ္မတသက်တမ်းနှစ်ကြိမ်ထက်ပိုပြီးဘယ်သူမှထမ်းဆောင်ခွင့်မရှိဘူးဆိုတာကိုရှောင်ကွင်းဖို့အတွက် ၂၀၂၈ရွေးကောက်ပွဲမှာဒုသမ္မတလောင်းအဖြစ်ဝင်ပြိုင်ကောင်း ပြိုင်နိုင်တယ်လို့သူကမျက်စလှမ်းပစ်ပြတာပါ။
သူ့ဆရာပူတင်လုပ်ခဲ့တဲ့အချိုးပဲဖြစ်ပါတယ်။ ပူတင်လည်းသက်တမ်းကုန်တဲ့အခါတပည့်ကျော်ပဲလှော်မက်ဗီဒက်ကိုရုပ်ပြသမ္မတရာထူးကိုပေး၊ သူကဝန်ကြီးချုပ်လုပ်ပြီးတော့အချိန်တန်တဲ့အခါသမ္မတနေရာကိုပြန်ယူသွားခဲ့တာပါပဲ။
ကမ္ဘာကြီးမှာမဟာအင်အားကြီးနိုင်ငံ၃နိုင်ငံရှိတယ်လို့ပညာရှင်အချို့ကသုံးသပ်ကြပါတယ်။ အမေရိကန် ပြည်ထောင်စု၊ရုရှနဲ့တရုတ်တို့ဖြစ်ပါသတဲ့။ဒီအတိုင်းဆိုရင် ၃နိုင်ငံလုံးဟာကြီးလေချဉ်လေ သံပုရာသီးကြီးတွေရဲ့အောက်မှာရောက်နေတဲ့သဘောပါပဲ။အဓိပ္ပါယ်ကတော့ကမ္ဘာကြီးဟာသံပုရာသီးသံဿရာမှာပိတ်မိနေတယ်ဆိုတာကိုပြနေပါတယ်။
တကယ်တော့အသက်ကြီးရင့်မှုဟာပြဿနာမဟုတ်ပါဘူး။ပြဿနာမဟုတ်တဲ့အပြင်သူတို့ရဲ့အတွေ့ အကြုံရင့်ကျက်မှုတွေကလူ့အဖွဲ့အစည်းအတွက်ရတနာတွေဖြစ်ရမှာပါ။ ဒါပေမယ့်ပြည်သူတွေ ကံဆိုးတာက နိုင်ငံရေးနယ်ပယ်ကသံပုရာသီးတချို့ဟာအသက်ကြီးလေ၊ စိတ်ထားဆိုးလေ၊အာဏာကို ပိုဖက်တွယ်လေ၊ပိုခြစားလေဖြစ်နေတာပါပဲ။
လွန်ခဲ့တဲ့၁၀စုနှစ်တစ်ခုဖြစ်တဲ့၂၀၁၅တုန်းကကမ္ဘာပေါ်မှာလူဦးရေအများဆုံး၁၀နိုင်ငံရဲ့ခေါင်းဆောင်တွေမှာအသက်၇၀ကျော်တဲ့သူတစ်ဦးမှမပါခဲ့ဘူးလို့သုတေသနပြုမှုတစ်ခုကဆိုပါတယ်။ အခုတော့အဲဒီ ၁၀နိုင်ငံထဲက၉နိုင်ငံဟာဘိုးဘိုးတွေရဲ့တုတ်ကောက်အောက်ကိုရောက်သွားပါပြီ။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်ဟာလူအိုတွေရဲ့အုပ်ချုပ်မှုအောက်မှာပါ။
တခြားနိုင်ငံတွေကိုလည်းကြည့်ရအောင်ပါ။
ဂါဇာမှာလူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်နေခဲ့တယ်လို့နိုင်ငံတကာကစွပ်စွဲခံရတဲ့အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့အသက်ဟာ၇၆နှစ်ပါ။ သူနဲ့စစ်ဖြစ်တဲ့အီရန်နိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင် အလီခါမေနီဟာ၈၆နှစ်ပါ။
ပါလက်စတိုင်းခေါင်းဆောင်မာမွတ်အဘတ်စ်ကအသက်၉၀ဖြစ်ပါတယ်။ လူကြီးတွေအုပ်ချုပ်တိုင်း ငြိမ်းချမ်းမယ်လို့လွယ်လွယ်ကူကူတော့ကောက်ချက်ချလို့မရဘူးထင်ပါတယ်။
အိန္ဒိယကရွေးကောက်တင်မြှောက်ခံအာဏာရှင်နရန်ဒရာမိုဒီက၇၅နှစ်ဖြစ်ပါတယ်။ဟိန္ဒူအစွန်းရောက် ဝါဒီတွေကိုလက်ကိုင်ထားပြီးလူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလုပ်နေသူပါ။အတိုက်အခံတွေကိုလုပ်ကြံသတ်ဖြတ်သူအဖြစ်သူ့ကိုစွပ်စွဲမှုတွေရှိပါတယ်။
တူရကီသမ္မတအာဒိုဂန်က ၇၁နှစ်ပါ။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုပြောရင်သူဟာ ချန်ထားလို့ မရတဲ့မင်းသားကြီးဖြစ်ပါတယ်။ The Economistမဂ္ဂဇင်းရဲ့အဆိုအရနိုင်ငံ့ခေါင်းဆောင်တွေရဲ့ပျှမ်းမျှအသက်ဟာ သမိုင်းမှာအကြီးဆုံး အချိန်ကိုရောက်နေပါတယ်။ ကြောက်စရာကောင်းတာကတော့ဒီလိုဖြစ်ရခြင်းဟာ အာဏာကို ဆုပ်ကိုင်လိုမှုကြောင့်ဆိုတာဖြစ်ပါတယ်။
အခုဆောင်းပါးမှာဖေါ်ပြခဲ့တဲ့ခေါင်းဆောင်တွေတစ်ယောက်ချင်းစီမှာကိုယ်ပိုင်စိတ်ရူးပေါက်တဲ့အတွေးတွေနဲ့အတ္တတွေရှိကြပါတယ်။ ဒီလိုခေါင်းဆောင်တွေပေါ်လာရင်ဖြစ်လေ့ရှိတဲ့နမူနာကို ကမ္ဘာဟာ ကြုံတွေ့ခဲ့ဖူးပါပြီ။ စိတ်ရူးထမှုတွေကြောင့်ကမ္ဘာဟာမီးဟုန်းဟုန်းတောက်ခဲ့ဖူးပါတယ်။
၂၀ရာစုဦးမှာပထမကမ္ဘာစစ်ကြီးဖြစ်ပြီးလူ၁၀သန်းကျော်သေကြေခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ဖြစ်တဲ့ အခါနောက်ထပ်လူသန်း၅၀ကျော်သေကြေခဲ့ကြရပါတယ်။ဝမ်းနည်းစရာအကောင်းဆုံးကတော့အသက်ပေးသွားရသူတွေရဲ့အများစုဟာလူငယ်တွေဆိုတဲ့အချက်ဖြစ်ပါတယ်။
အသက်ကြီးပေမယ့်ဉာဏ်ပညာ၊အတွေးအခေါ်နဲ့မေတ္တာတရားကိုအခြေခံပြီးစံပြဦးဆောင်သွားသူတွေလည်းရှိခဲ့ပါတယ်။ တောင်အာဖရိကကနယ်လ်ဆင်မင်ဒဲလားလို ခေါင်းဆောင်မျိုးပါ။ကြီးလေချဉ်လေသံပုရာသီးတွေရဲ့ခေတ်မှာတော့ ဒီလိုခေါင်းဆောင်တွေဟာအတော်ပဲရှားလာနေပါပြီ။ ။

















































